Monday, October 22, 2012

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာကစားပွဲများ

ခင်မမမျိုး
Sunday, December 20, 2009

နိဒါန်း
အချိန်ကား (၁၉၉၉) ခု၊ ဒီဇင်ဘာလ။ နေရာကား အမေရိကန်ပြည်ထောင်စုမှ စီးတယ်လ်မြို့။
နိုင်ငံပေါင်းတစ်ရာကျော်မှ ကုန်သွယ်ရေးဝန်ကြီးများ စုဝေးရောက်ရှိနေကြသည်။ အကြောင်းအရာကား လွန်ခဲ့သော ငါးနှစ်က ဖွဲ့စည်း ထားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ဝန်ကြီးများအဆင့် အစည်းအဝေးသို့တက်ရောက်ကြရန်ဖြစ်သည်။ သာမန်အားဖြင့်ကြည့် လျှင် နိုင်ငံတကာအဖွဲ့အစည်းတခု၏ ၀န်ကြီးများအဆင့် အစည်းအဝေးတခုသာ ဖြစ်သည်။ သို့ပေမယ့် ထိုအစည်းအဝေး ကြီးသည် ကမ္ဘာတ၀ှမ်းမှ လူအများ၏ အာရုံကို ဆွဲယူနိုင်ခဲ့သည်။ ဆန္ဒပြပွဲများ၊ အဓိကရုဏ်းဖြစ်မှုများသည် အမေရိကန်ပြည်ထောင်စု စီးတယ်လ် မြို့ငယ်လေး၏ လမ်းများပေါ်တွင် ပြည့်နှက်နေခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို ဖွဲ့စည်းခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို စောင့်ကြည့် ထိန်းချုပ်နိုင်သော သတ်မှတ် ချက်များပါဝင်သည့် စနစ်တခုပေါ်ပေါက်လာကာ တကမ္ဘာလုံး၌ စီးပွားရေး အကျိုးအမြတ်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ခဲ့ကြ သော်လည်း၊ လူတိုင်းသည် ထိုအမြင်အား လက်ခံခြင်းမရှိကြောင်း စီးတယ်လ်ဖြစ်ရပ်က သက်သေပြနေခဲ့သည်။

စီးတယ်လ် ဆန္ဒပြပွဲတွင် မီဒီယာများမှ အဓိက အာရုံစိုက်ခြင်း ခံခဲ့ရသည့် အုပ်စုနှစ်ခုမှာ အမေရိကန် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်သူများ ဖြစ်ကြသည်။ ပထမတမျိုးက ဈေးပေါသော သွင်းကုန်များကြောင့် အလုပ်များဆုံးရှုံးမှုကို ထောက်ပြဝေဖန်ခဲ့ကြပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံ့ဆော်သူများကတော့ လွတ်လပ်စွာ ကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာသော ecological damage ကို ထောက်ပြခဲ့ကြသည်။ ဖွံ့ဖြိုးစဲတိုင်းပြည်များမှ ဆင်းရဲနွမ်းပါးသော ပြည်သူများအရေးကိုလည်း ပြောဆိုခဲ့ ကြသည်။

မီဒီယာများကို အံ့အားသင့် အာရုံစိုက်စေခဲ့သည့် အချက်ကား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ဆုံးဖြတ်ချက်များ ချမှတ်ရာဖြစ်စဉ် တွင်းမှ ဖယ်ရှားခြင်းခံထားရသည်ဟု ခံစားနေရသော ဖွံ့ဖြိုးစဲနိုင်ငံများမှ တရားဝင်ကိုယ်စားလှယ်များ၏ စကားသံများဖြစ်သည်။ ဖွံ့ ဖြိုးစဲနိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများတွင်လည်း အဖွဲ့ကြီးနှင့်ပတ်သက်၍ ကြီးမားသော စိုးရိမ်မှုများ ရှိနေခဲ့လေသည်။ သို့ဖြစ်ရာ protests များသည် စီးတယ်လ်မြို့လမ်းများပေါ်တွင်သာမက ကွန်ဖရင့်ခန်းမများ အတွင်းထိပင် ရှိနေခဲ့ပြီး၊ စီးတယ်လ် ၀န်ကြီးများ အဆင့်အစည်းအဝေးသည် မည်သည့် သဘောတူညီချက်မျှမရပဲ ပြီးဆုံးသွားခဲ့ ရလေသည်။ "The Battle in Seattle" ဟူ ၍တော့ အမည် တွင်ကျန်ရစ်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကုန်သွယ်ရေးဝန်ကြီးများအဆင့် အစည်းအဝေးကို (၂) နှစ်လျှင်တကြိမ် ကျင်းပလေ့ရှိရာ နောက် တ ကြိမ်တွင်ကား စီးတယ်လ်သင်ခန်းစာကိုယူ၍၊ ဆန္ဒပြသူများ၏ အဝင်အထွက်နှင့် ပြုမူဆောင်ရွက်ပုံကို ထိန်းချုပ်နိုင်သော အရှေ့ အ လယ်ပိုင်းဒေသ Qatar နိုင်ငံ၊ ဒိုဟာမြို့တော်၌ (၂၀၀၁) နိုဝင်ဘာလတွင် ထပ်မံကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးမှု new round ဖြစ်သော Development Round ကို ပြုလုပ်နိုင်ခဲ့သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှ မကျေမနပ် ဖြစ်နေကြဆဲပင်ဖြစ်သည်။

ယခုဆောင်းပါးတွင် အဆိုပါကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာ ကစားပွဲများ၊ မကျေလည်မှု များအကြောင်းကို ရေးသားတင်ပြမည်ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization)
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ပတ်သက်၍ အချို့က အချုပ်အခြာအာဏာရှိသော နိုင်ငံများအပေါ်တွင် ပေါ်လစီများချမှတ်နေသည့် supranational government ဟု ထင်မှတ်နေကြပါသည်။ လက်တွေ့မှာမူ အဆိုပါအဖွဲ့သည် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကို ထိန်းကျောင်းနိုင်သည့် သတ်မှတ်ချက်များနှင့် ပတ်သက်သောအဖွဲ့တခုသာဖြစ်ပါသည်။ နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှုများ ကျင်းပရာ ဖိုရမ်တခုသာ ဖြစ်ပါသည်။ သတ်မှတ်ချက်စည်းမျဉ်းများကိုကား များသောအားဖြင့် consensus ဖြင့် သဘောတူလေ့ရှိရာ အဆုံးသတ် တွင် အားလုံးပျော်ရွှင်ရလိမ့်မည်ဟုကား မဆိုနိုင်ပါ။

နိုင်ငံရေး၊ စီးပွားရေးစနစ်များ ကွဲပြားမှုရှိသော ကမ္ဘာကြီးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတရပ်ဖြစ်သဖြင့် ခက်ခဲသော bargaining များရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံများအပေါ်၌ တွန်းအားပေးသော WTO အမြင်တခုအနေဖြင့် သီးသန့်မရှိပါ။ အခြေခံဖွဲ့စည်းပုံအရ ဆိုလျှင်တော့ စည်းမျဉ်းများအားလုံးသည် အဖွဲ့ဝင်နိုင်ငံများအကြားမှ သဘောတူညီချက်များဖြစ်ပြီး၊ သက်ဆိုင် ရာ အစိုးရပါလီမန်များမှ သတ်မှတ်ပေးထားသော စည်းမျဉ်းများဖြစ်ပါသည်။ မည်သည့်နိုင်ငံကိုမျှ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် တွန်းအားပေး ထားခြင်းမရှိပါ။

များသောအားဖြင့် WTO အဖွဲ့ဝင်များသည် နိုင်ငံများဖြစ်ကြပါသည်။ သဘောတူညီချက်များသည် ကုန်သွယ်ရေးမူဝါဒနှင့် သက်ဆိုင်ရာ များဖြစ်သဖြင့် ဒေသတခုချင်း၏ ကုန်သွယ်ရေးမူဝါဒကို ထိန်းကျောင်းသော အုပ်ချုပ်ရေးဆိုင်ရာ ယူနစ်များအနေဖြင့်လည်း အဖွဲ့ဝင် ဖြစ်နိုင်ပါသည်။ ဥပမာ – ဥရောပ သမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများအကြားတွင် လွတ်လပ်စွာ ကုန်သွယ်မှုပြုနိုင်ခြင်းနှင့် အခြားအဖွဲ့ဝင် မဟုတ်သောနိုင်ငံများနှင့် ကုန်သွယ်ရာ၌ တူညီသော မူဝါဒရှိခြင်း စသည်တို့ကြောင့် WTO ၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ထို့အပြင် (၁၉၉၅) ခုနှစ်တွင် WTO ဖွဲ့စဉ်က founding member ဖြစ်သော ဟောင်ကောင်သည် တရုတ်ပြည်မနှင့် ပြန်လည် ပေါင်းစည်းပြီး ဖြစ်လင့် ကစား၊ WTO ၏ အဖွဲ့ဝင်အဖြစ် သီးခြားရပ်တည်နေစဲဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကား (၂၀၀၁) ခုနှစ်တွင် ခြားနားသော ကုန်သွယ်ရေးမူဝါဒရှိသည့် distinct member အဖြစ် WTO သို့ ၀င်ရောက်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် အဖွဲ့ဝင်များ၏ စည်းမျဉ်းများလိုက်နာမှုကို အချိန်နှင့်အညီ စောင့်ကြည့်သုံးသပ်ရန် mechanism နှင့် အဖွဲ့ဝင်များအကြား အငြင်းပွားမှုများဖြစ်ပွားပါက settle လုပ်ရန် mechanism များရှိသော်လည်း၊ စည်းမျဉ်းများကိုကား enforce လုပ်ခွင့်မရှိပါ။ ကမ္ဘာဘဏ်၊ အိုင်အမ်အက်ဖ်များကဲ့သို့ အချုပ်အခြာအာဏာပိုင်နိုင်ငံများမှ ၎င်းတို့၏အကြံကို လိုက်နာရန် elements of consensus များသတ်မှတ်ထားခြင်းမရှိပါ။ principle အရကြည့်လျှင်တော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများအကြားမှ ကုန်သွယ်မှုအတားအဆီးများကို လျှော့ချနိုင်ရန်နှင့် စည်းမျဉ်းသတ်မှတ်ထားသော ကုန်သွယ်မှုစနစ်တခုကို အဖွဲ့ဝင်နိုင်ငံများမှ ၎င်းတို့ ဘာသာ လိုက်နာရန်သာဖြစ်သည်။

သို့ပေမယ့် ဝေဖန်သူအများကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့အစည်း၏ autonomous bureaucracy အနေဖြင့်မဟုတ်ပဲ၊ ချမ်းသာသောနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးစဲနိုင်ငံများ၏ မူဝါဒရေဒရာများတွင် ၀င်ရောက်လွှမ်းမိုးနေပါသည်ဟု အဆိုပြုလာကြလေပြီ။ အဘယ်ကြောင့်နည်း။ ဝေဖန်ချက်များကို မဆန်းစစ်မီ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ဖြစ်တည်လာရာ မူလအစသမိုင်းကြောင်းကို လေ့ လာကြည့်ကြပါစို့။

နောက်ခံသမိုင်းအကျဉ်း (သို့မဟုတ်) ဒိုဟာသို့ခရီးလမ်း
(၂၀၀၁) ခုနှစ်၊ နိုဝင်ဘာလ၌ ဒိုဟာမြို့တော်တွင် Development Round ပြုလုပ်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ မူလ သမိုင်းအစကား (၁၉၄၇) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော GATT ဟု အတိုကောက်ခေါ်ကြသည့် General Agreement on Tariffs and Trade သဘောတူညီချက်ဟု ဆိုရမည်ဖြစ်သည်။ GATT တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံအများစုကြားတွင် ကုန်သွယ် ရေးဆိုင်ရာ ညှိနှိုင်းမှုများ တပြိုင်တည်းပြုလုပ်သည့် ရှစ်ကြိမ်မြောက် Multilateral trade negotiations တွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

(၁၉၃၀) ဆယ်စုနှစ်များအတွင်းက ကမ္ဘာတ၀ှမ်းတွင် ဆိုးဝါးလှစွာသော စီးပွားပျက်ကပ်ကြီး ဖြစ်ပွားခဲ့ရာ၊ အလုပ်လက်မဲ့နှုန်းများ အလွန် ပင် မြင့်မားခဲ့လေသည်။ ထိုပြဿနာကို နိုင်ငံအများစုက သွင်းကုန်များကို ကန့်သတ်ချက်များပြုလုပ်၍၊ ပို့ကုန်များကို subsidized လုပ်သော ပေါ်လစီချမှတ်၍ ရင်ဆိုင်ဖြေရှင်းခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဈေးနှုန်းသက်သာသော သွင်းကုန်များဝင်ရောက်လာပြီး၊ ပြည်တွင်းထုတ်လုပ်မှုအား ထိခိုက်စေခြင်းကို ကာကွယ်နိုင်သကဲ့သို့ ပို့ကုန်လုပ်ငန်းများတွင်လည်း လုပ်သားဦးရေ တိုးတက်ခန့် ထားမှု များ ပြုလုပ်နိုင်ပေသည်။ နိုင်ငံတခုချင်း အနေဖြင့်ကြည့်ပါက အဆိုပါ ပေါ်လစီသည် ကျိုးကြောင်းဆီလျော်မှုရှိသည်မှာ မှန်သော်လည်း၊ နိုင်ငံအများစုမှတပြိုင်တည်း ပြုလုပ်လိုက်သောအခါ 'beggar-thy-neighbor' ပေါ်လစီဖြစ်သွားပြီး အခြေအနေများကိုသာ ပိုမိုဆိုးဝါး သွားစေခဲ့သည်။ ဥပမာ – ဘောလုံးပွဲတခုတွင် လူတယောက်က မတ်တပ်ရပ်ကြည့်ပါက ပိုမိုကောင်းမွန်သော မြင်ကွင်းကို ထိုသူမြင်ရ မည်ဖြစ်သော်လည်း လူအားလုံးမတ်တပ်ရပ်ကြည့်ပါက မည်သူမျှ ကောင်းမွန်သော မြင်ကွင်းကို မြင်ရမည်မဟုတ်ပဲ တိုးဝှေ့ခုန်ကြည့် နေရ၍ ပင်ပန်းဆင်းရဲခြင်းသာ ဖြစ်စေသကဲ့သို့ဖြစ်လေသည်။

(၁၉၄၇) တွင် GATT ကို လက်မှတ်ရေးထိုးကြခြင်းမှာ ထိုကဲ့သို့သော (၁၉၃၀) ဆယ်စုနှစ်ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ် ၍ ဖြစ်သည်။ ယေဘုယျအားဖြင့် သွင်းကုန်ကန့် သတ်ခြင်းတွင် tariffs (customs duties) နှင့် Quantitative restrictions (quota) ပေါ်လစီနှစ်မျိုးချမှတ် ကျင့်သုံးလေ့ရှိကြသည်။ Tariffs ပေါ်လစီဖြင့် ပို့ကုန်၊ သွင်းကုန်များအပေါ်တွင် အခွန်ကောက်ခံနိုင်ပြီး၊ quota နည်းအားဖြင့် သွင်းကုန်အရေအတွက်အား ကန့်သတ်နိုင်လေသည်။ သို့ဖြစ်ရာ GATT သဘောတူညီချက်အရ လက်မှတ်ရေးထိုးထား သော နိုင်ငံများသည် quota နှင့် export subsidies ပေါ်လစီများကို ပယ်ဖျက်ပေးရမည်ဖြစ်သည်။ Tariffs များလျှော့ချခြင်းကိုမူ principle of reciprocity ပေါ်တွင် အခြေခံ၍ နိုင်ငံများအချင်းချင်း ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်သည်။ ဥပမာ – နိုင်ငံအေသည် နိုင်ငံဘီမှ တင်သွင်းသော သွင်းကုန်များအပေါ်တွင် tariffs များ လျှော့ချပါက အပြန်အလှန်အားဖြင့် နိုင်ငံအေမှ တင်သွင်းသော ကုန်ပစ္စည်းများ အပေါ်တွင် နိုင်ငံဘီမှ tariffs reductions များ ပြုလုပ်ရန်ဖြစ်သည်။

GATT အရ (၁၉၄၇) မှ (၁၉၇၀) ကာလများအထိ multilateral negotiations ခုနစ်ကြိမ်ပြုလုပ်ခဲ့ရာ၊ ဖွံ့ဖြိုးပြီးနိုင်ငံများအကြား စက်မှု ထုတ်ကုန်များကုန်သွယ်ရေးမှ tariffs အတားအဆီးများကို သိသာထင်ရှားစွာ လျှော့ချနိုင်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူ GATT အား ကနဦး လက်မှတ်ရေးထိုးသော နိုင်ငံ (၂၃) နိုင်ငံတွင် ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်ခဲ့ပြီး၊ နောက်ပိုင်းကာလများတွင် ထပ်မံလက်မှတ် ရေး ထိုးသော နိုင်ငံများရှိခဲ့သည်မှန်သော်လည်း၊ လက်တွေ့တွင်ကား ဖွံ့ဖြိုးဆဲနိုင်ငံများသည် အင်အားကြီးနိုင်ငံများ၏ motives နှင့် free trade အိုင်ဒီယာများအပေါ်တွင် သံသယများရှိနေခဲ့လေသည်။ သို့ဖြစ်ရာ အနှစ်လေးဆယ်နီးပါး ကုန်သွယ်မှုအတားအဆီး လျှော့ချရေး လုပ်ဆောင်ချက်များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ တက်ကြွစွာ ပါဝင်မှုအား နည်းပါးခဲ့သည်။ ဖွံ့ဖြိုးစဲနိုင်ငံများသည် ၎င်းတို့၏ ကုန်သွယ်မှု အ တားအဆီးများအား လျှော့ချခြင်းမပြုခဲ့ကြသကဲ့သို့၊ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ reciprocal concessions များကိုလည်း ရရှိခဲ့ခြင်း မရှိခဲ့ပါ။

အထက်ပါအခြေအနေများသည် (၁၉၈၀) ဆယ်စုနှစ်များတွင်ကား အပြောင်းအလဲများ ဖြစ်လာခဲ့လေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွား ရေးဖွံ့ဖြိုးမှုမှာ နှောင့်နှေးပြီး၊ ပို့ကုန်များ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုမှာလည်း ကျဆင်းလာခဲ့သည်။ အာရှဈေးကွက် တွင်လည်း တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံများ၏ စီးပွားရေးအခြေအနေများသည် export လုပ်ခြင်းဖြင့် တဟုန်ထိုး တက်လာခဲ့သည်။ ထိုသို့သော ပြောင်းလဲမှုအခြေအနေများတွင် ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်တို့မှ ဖိအားများဖြင့် ပေါင်းစပ်လိုက် သောအခါ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုန်သွယ်မှု အတားအဆီးများကို လျှော့ချခြင်း၊ ဖယ်ရှားခြင်းများ ပြုလုပ်ရသည့် trade liberalization ပေါ်လစီကို မလွဲမသွေအကောင်အထည်ဖော်ကြရတော့သည်။

ဤသို့ဖြင့် (၁၉၈၆) တွင်ကား ရှစ်ကြိမ်မြောက် multilateral negotiations စတင်ခဲ့သည်။ Uruguay Round ဟူ၍ နောင်တချိန် အမည်တွင်လာသည့် အဆိုပါ roundသည် ယခင်ပွဲများထက်စာရင် ပိုမိုအောင်မြင်မှုရှိသကဲ့သို့ ၊ အချိန်လည်းပိုကြာခဲ့သည်။ နိုင်ငံများ လည်း ပိုမိုစုံလင်စွာပါဝင်လာခဲ့သည်။ (၁၉၉၄) တွင် အဆုံးသတ်ချိန်၌ကား သဘောတူညီချက်နှင့်နားလည်မှု (၃၀) ကျော်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြပြီး၊ WTO ဟူသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို တည်ထောင်နိုင်ခဲ့ကြသည်။

အစပထမတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် သိသာထင်ရှားသော concessions များပြုလုပ်ခဲ့ကြပြီး၊ ဈေးကွက်များကို ဖွင့်ပေးခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိကထုတ်ကုန်များဖြစ်သော လယ်ယာထွက်ကုန်များနှင့် အဝတ်အထည် ပစ္စည်းများအား စည်းမျဉ်းခံ trade liberalization ပြုလုပ်ပေးရန် ကတိပြုခဲ့ကြသည်။ အဓိကအနေဖြင့်

ဖွံ့ဖြိုးစဲနိုင်ငံများသည် tariffs များ၊ subsidies များလျှော့ချရန် သဘောတူညီခဲ့ကြသည်။ လယ်ယာကဏ္ဍအား reciprocal concessions framework အတွင်းသို့ထည့်သွင်း၍၊ မိမိတို့လယ်သမားများအား ပြည်ပဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သဘော တူညီခဲ့ကြသည်။ trade liberalization အား အခြားသော ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သော ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက် သွယ်ရေးလုပ်ငန်းများတွင်ပါ ချဲ့ထွင်ရန် သဘောတူညီခဲ့ကြသည်။ GATT/ WTO framework အရ intellectual property rights ကို အကာအကွယ် ပေးရန်ကိုလည်း သဘောတူညီခဲ့ကြသည်။

အလားတူ concessions များကို ဖွံ့ဖြိုပြီးနိုင်ငံများမှလည်း သဘောတူညီခဲ့ကြသည်။ သို့ပေမယ့် မတူညီသော စီးပွားရေးအခြေ အနေ များနှင့် သဘောတူညီချက်များမှ အားနည်းချက်များပေါ်တွင် အခွင့်အရေး ယူတတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ရလာဘ်များ မှာကား ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မတူညီခဲ့ပါ။ မည်သို့ဆိုစေ WTO framework သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး ပေါ်လစီများအပေါ်တွင် ကြီးစွာသော သက်ရောက်မှုများရှိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ နိုင်ငံကြီးများမှ WTO စည်းမျဉ်းများနှင့် ကစားကာ ဖွံ့ဖြိုးစဲနိုင်ငံများအပေါ်တွင် အခွင့်အရေးယူမှုများ ပြုလုပ်ခြယ်လှယ်နေသည်ဟု အချို့ကဆိုနေကြပါပြီ။ လက်တွေ့မှာ ဘာ တွေဖြစ်ခဲ့ကြသနည်း။

ဈေးကွက်ရေးရာမျှော်လင့်ချက်အိပ်မက်များပျောက်ဆုံးခြင်း
Trade liberalization ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်ခဲ့ကြသည့် အဓိကရည်ရွယ်ချက်မှာ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ဈေးကွက်များသို့ ၄င်းတို့၏ ပို့ကုန်များ အလွယ်တကူ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်ဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စည်းမျဉ်းဆိုင်ရာ ကစားပွဲများသည် ယင်းတို့၏ ပို့ကုန်တိုးမြှင့်ရေးမျှော်လင့်ချက်များကို ပိတ်ဆို့ပစ်ခဲ့သည်။

ဥရုဂွေးသဘောတူညီချက်အရ လယ်ယာထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုတွင် quota များအား လျှော့ချပစ်ရမည်ဖြစ်သည်။ သို့ရာတွင် မည်သည့်နိုင်ငံကမျှ မိမိတို့၏ လယ်သမားများအား free trade ၏ risks များအကြားသို့ expose မလုပ်ခဲ့ကြပါ။ quota များအား အလားတူ tariffs များဖြင့် အစားထိုး၍ တဖြည်းဖြည်း လျှော့ချရေးကိုသာ ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ အလားတူ tariffs များဖြင့် အစားထိုးရန် နိုင်ငံများအား မိမိတို့ဘာသာ လုပ်ဆောင်ခွင့်ပေးလိုက်ခြင်းသည် ကြီးမားလှစွာသော စည်းမျဉ်းဆိုင်ရာ အမှားအယွင်းကြီး ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ နိုင်ငံအများစုသည် tariffs များ ချမှတ်ရာတွင် သာမန်ထက် လွန်စွာမြင့်မားသောနှုန်းများဖြင့် ချမှတ်ကြရာ အချို့သောပစ္စည်းများအတွက် တန်ဖိုး၏ အဆနှစ်ရာ၊ သုံးရာအထိ ချမှတ်လိုက်သည်များအထိပင် ဖြစ်ပွားလာခဲ့လေသည်။ ထိုသို့ ချမှတ်ခြင်းဖြင့် အဆိုပါနိုင်ငံများသို့ တင်သွင်းသော သွင်းကုန်များ၏ တန်ဖိုးသည်လည်း အဆနှစ်ရာ၊ သုံးရာ မြင့်တက်သွားသည် ဖြစ်ရာ၊ ပြည်တွင်းထုတ်ကုန်များနှင့် ဈေးကွက်တွင် မည်သို့မျှ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။ ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံများသည် ဆန်တင်သွင်းမှု tariffs ကို အဆပေါင်း ၅၅၀ ထိ တိုးမြှင့်ချမှတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည်ကား အဆိုပါ ဖြစ်စဉ်များတွင် အဆိုးဝါးဆုံးသော offender ဖြစ်သဖြင့် 'dirty tariffication' ဟုပဲ အများက သတ်မှတ်ခေါ်ဆိုကြလေသည်။ ထိုသို့အစပိုင်းတွင် အမြင့်မားဆုံးနှုန်းများဖြင့် ချမှတ်လိုက်ကြသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် သဘောတူညီထားသော tariffs လျှော့ချခြင်းမှာ အဓိပ္ပာယ်မဲ့ ဖြစ်သွားခဲ့လေသည်။

ထိုကဲ့သို့သော ဈေးကွက်ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုအား ထိန်းချုပ်မှုများအကြားတွင် ထပ်မံဆိုးရွားလာသော ဖြစ်ရပ်ကား ဖွံ့ဖြိုးပြီး နိုင်ငံ အစိုးရများသည် ၄င်းတို့လယ်သမားများအား subsidies အဖြစ်ပေးသည့် ငွေကြေးနှုန်းအား၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမား များနှင့် ယှဉ်ပြိုင်နိုင်ရန် အကြောင်းပြ၍ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အလားတူထောက်ပံ့ကြေးများအား အစိုးရ များမှ မပေးနိုင်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမားများသည် ဈေးသက်သာသော ထုတ်ကုန်များကို ထုတ်လုပ်နိုင်သော်လည်း ဈေးကွက်တွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန်ကား မဖြစ်နိုင်တော့ပေ။ ထိုသို့သော ပြဿနာများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် သဘောတူညီချက်များ မည်သို့ပင် ရှိနေစေကာမူ လယ်ယာထုတ်ကုန်ကဏ္ဍတွင် သိသာထင်ရှားသော trade liberalization ဖြစ်စဉ်များ မရှိလာခဲ့ပါ။ အဆိုပါ ကိစ္စများအား (၂၀၀၂) ခုနှစ်တွင် Johannesburg ၌ကျင်းပသော Earth Summit တွင် အကြီးအကျယ် ငြင်းခုန်ဆွေးနွေးခဲ့ကြသည်။ သို့ပေမယ့် tariffs များကား ကြီးစွာသောနှုန်းထားများဖြင့် ဆက်လက်ရှိနေဆဲသာဖြစ်သည်။

အလားတူစွာပင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အထည်အလိပ်ပို့ကုန်လုပ်ငန်းရှင်များနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအကြားတွင်လည်း ကြီးစွာသော ပဋ္ဋိပက္ခများ ရှိနေဆဲပင်ဖြစ်သည်။ အထည်အလိပ် ကုန်သွယ်မှုတွင်လည်း ဥရုဂွေးသဘောတူညီချက်များတွင် proviso နှင့် loophole များ ရှိနေခဲ့ပါသည်။ သဘောတူညီချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ မျှော်လင့်ထားသည်အချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် (၁၉၉၅) တွင်ချမှတ်ထားသော quantitative restrictions များအား ဆယ်နှစ် တာကာလနောက်ပိုင်းတွင် ၄၉% လျှော့ချပေးရန် ဆိုသည့်အချက်သာဖြစ်ပါသည်။ သဘောတူညီချက်များလက်မှတ်ရေးထိုးစဉ်၌ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဤအချက်မှာ သဘောတူညီချက်၏ ချက်ချင်းသက်ရောက်မှုကို ဆွဲဆန့်ထားသော proviso မှန်းမသိခဲ့ကြ။ ပိုဆိုးသည်ကား ဖွံ့ဖြိုးပြီး နိုင်ငံများမှ အရေအတွက်အရ ထိန်းချုပ်ထားသည့်သွင်းကုန်များအား ထိန်းချုပ်မှုဖယ်ရှားချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံသွင်းကုန်များ မည်သို့မျှ မယှဉ်ပြိုင်နိုင်တော့မည့် targets များချမှတ်ထုတ်လုပ်ထားခြင်းပင်ဖြစ်သည်။

တဖန် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဥရုဂွေးသဘောတူညီချက်အရ စက်မှုလုပ်ငန်းရှင်များအတွက် tariffs များ လျှော့ချပေးသည် မှန် သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများက တင်သွင်းသော စက်မှုထွက်ကုန်များအပေါ်တွင် ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။ ထို့ အပြင် degree of processing မြင့်မားသော ကုန်ပစ္စည်းများအတွက်လည်း ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။ ဥပမာ- ဥရောပသမဂ္ဂနိုင်ငံများသို့ cigar တင်သွင်းမှုသည် raw tobacco တင်သွင်းမှုထက် ပို၍ tariffs များပြီး၊ processed food များသည် unprocessed food များထက် ပို၍ tariffs များလေသည်။ အထည်အလိပ်ပစ္စည်းများတွင်လည်း fabrics များသည် thread ထက်ပို၍ tariffs များများ သတ်မှတ်ခြင်းခံရလေသည်။

ထိုကဲ့သို့သော Tariff escalation လုပ်ခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ၄င်းတို့၏ အစဉ်အလာ ကိုလိုနီခေတ် ကုန်သွယ်ရေး ပုံစံဖြစ်သော ကုန်ကြမ်းများနှင့် ရိုးရှင်းသောစက်မှုထုတ်ကုန်များ တင်ပို့ခြင်းတွင်သာ ဖက်တွယ်ထားစေရန် အားပေးနေသကဲ့သို့ဖြစ်သည်။ သို့ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများသည် processed product များအား ဖွံ့ဖြိုးပြီးနိုင်ငံများထက်ပိုမိုချိုသာသော ဈေးနှုန်းများဖြင့် ထုတ်လုပ်နိုင်စေကာမူ၊ ဖွံ့ဖြိုးပြီးနိုင်ငံများသို့တင်သွင်းရာတွင် မြင့်မားသော tariffs များကို ရင်ဆိုင်ရသဖြင့် ဈေးကွက်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အခက်အခဲ များစွာကို ဖြစ်ပွားစေတော့သည်။

အထက်ပါ ဈေးကွက်ရေးရာ မျှော်လင့်ချက်များ ပျောက်ဆုံးခြင်းထက် ပို၍ ထိခိုက်သော အကြောင်းအရာများသည်ကား liberalization မှ ပေါ်ထွက်လာသော ဘေးထွက်ဆိုးကျိုးများ ဖြစ်လေသည်။

ဖွံ့ဖြိုးစဲနိုင်ငံများတွင် Economic Liberalization လုပ်ရာမှ ပေါ်ထွက်လာတတ်သော ဘေးထွက်ဆိုးကျိုးများ
Free Trade နှင့် ပတ်သက်၍ ဘောဂဗေဒသီအိုရီတွင် အခြေခံ proposition တခုရှိပါသည်။ ယင်းမှာ အခြေအနေ အတိုင်းအတာ တခု တွင် Free Trade သည် တိုင်းပြည်အတွက် အကျိုးရှိစေသည် မှန်သော်လည်း Free Trade ဖြစ်အောင် ညှိယူနေဆဲကာလများတွင် စီးပွားရေးအဆောက်အအုံထဲမှ အချို့ကဏ္ဍများ ကျဆင်းပြီး၊ အချို့ကဏ္ဍများ တိုးတက်တတ်သည် ဟူ၍ဖြစ်သည်။ ပညာရှင်များက ဤသည်ကို sunrise sector များနှင့် sunset sector များဟူ၍ ခေါ်ဝေါ်သတ်မှတ်ကြသည်။ ကုန်သွယ်မှုတံခါးများ ဖွင့်လိုက်ချိန်တွင် ပြည်တွင်း ထုတ်လုပ်သူများသည် ကမ္ဘာတ၀ှမ်းတွင် ရှိနေသော နည်းပညာအပြောင်းအလဲ၊ စားသုံးသူလိုအင်နှင့် အစိုးရမူဝါဒများကို ဘွားခနဲ ရင်ဆိုင်တွေ့လိုက်ရတတ် လေ့ရှိသည်။ အဆိုပါ အခြေအနေမျိုးတွင် တိုင်းပြည်၏ ထုတ်လုပ်မှုအပေါ်သို့ ကောင်းကျိုး၊ ဆိုး ကျိုးသက်ရောက်မှုများ ရှိလာတတ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ နိုင်ငံတကာကုန်သွယ်ရေး၏ ပြောင်းလဲတိုးတက်မှုများနှင့်အညီ လေ့ကျင့်သင်ကြားရေး စီမံချက်များ၊ အလုပ် လက်မဲ့ ကူညီထောက်ပံ့ကြေးများ ရှိတတ်ပါသည်။ အထက်တွင် ဖော်ပြခဲ့ဖူးသော ဥပမာကဲ့သို့ပင် နိုင်ငံတကာကုန်သွယ်ရေးတွင် ယှဉ် ပြိုင်မှုအားကောင်းလာစေရန် လယ်သမားများအား ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းများ၊ လုပ်ငန်းရှင်များအား ပံ့ပိုးကူညီပေးခြင်းများ တွင်တွင်ကျယ်ကျယ်ရှိပေသည်။ Free Trade ကြောင့် ဖြစ်ပွားလာသော sunset sectors များမှ အလုပ်သမားများကိုလည်း အခြား သင့်လျော်ရာ ကဏ္ဍများတွင် ပြန်လည်လေ့ကျင့်ပေးသော အစီအစဉ်များ ရှိလေသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်မူ အလုပ် လက်မဲ့ထောက်ပံ့ကြေးများနှင့် နိုင်ငံတကာ ပြိုင်ဆိုင်မှုကြောင့် လျော့နည်းကျဆင်းသွားသော စီးပွားရေးကဏ္ဍများမှ လုပ်သားများအား အခြားကဏ္ဍများတွင် ပြန်လည်လေ့ကျင့်သင်ကြားပေးခြင်း အစီအစဉ်များ နည်းပါးလေသည်။

ဥပမာ – ဥရောပသမဂ္ဂတွင် စက်ရုံ၊ အလုပ်ရုံများ ရပ်တန့်သွားခြင်းကြောင့် အလုပ်လက်မဲ့ပြဿနာများ ကြီးထွားလာသော နေရာ ဒေသများအတွက် structural funds များ ချမှတ်ပေးသော မူဝါဒများ ရှိလေသည်။ အဆိုပါ မူဝါဒများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးရန်ကား မဖြစ်နိုင်ပေ။ ၄င်းအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် safety net ဟုခေါ်သော အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးရွယ်အို ပင်စင်၊ ဆင်းရဲနွမ်းပါး မိသားစုများအား ငွေကြေးထောက်ပံ့မှုစသည်များ နည်းပါးသည်ဖြစ်ရာ economic liberalization နှင့်အတူ ယှဉ်တွဲအသုံးပြုရမည့် လူမှုအသုံးစရိတ် (Social Spending) တွင် အားနည်းချက် ရှိခြင်းကြောင့် လူမှုရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ (Social consequences) များ ထွက်ပေါ်လာတတ်လေသည်။

ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင် Dani Rodrik က ဒုတိယကမ္ဘာစစ်အပြီးကာလက ဖွံ့ဖြိုးပြီးနိုင်ငံများသည် economic liberalization, trade liberalization မူဝါဒများကို အကောင်အထည် ဖော်ရာတွင် သက်ဆိုင်ရာ အစိုးရများမှ လူမှုအသုံးစရိတ်များကိုပါ ဖူဖူလုံလုံ အသုံးပြုခဲ့ကြောင်း လေ့လာဖော်ပြခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ လူမှုအသုံးစရိတ် သုံးစွဲရေးတွင် အခက်အခဲ အမျိုးမျိုး ရှိနေတတ်သည်။ အခက်အခဲတမျိုးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အုပ်ချုပ်နေသော သက်ဆိုင်ရာ အစိုးရများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အသုံးစရိတ်များထက် စစ်အသုံးစရိတ်များကို ပိုမိုသုံးစွဲခြင်း ရှိနေပါက မည်သို့သော economic liberalization မူဝါဒများကို အကောင်အထည် ဖော်နေစေကာမူ တိုင်းပြည်စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာများ မလွဲမသွေ ဖြစ်ပွားနေမည်သာ ဖြစ် သည်။

အခြားအခက်အခဲ တမျိုးမှာကား သက်ဆိုင်ရာ အစိုးရများသည်း နိုင်ငံခြား ထောက်ပံ့မှုပေါ်တွင် မှီခိုသော စီးပွားရေးမူဝါဒများ ကျင့် သုံးရခြင်းမှ ထွက်ပေါ်လာနိုင်သော အခက်အခဲတရပ်ဖြစ်သည်။ ပြည်ပ ထောက်ပံ့မှုများအပေါ်တွင် မှီခိုသည့် (aid dependency model) ၏ ဆိုးကျိုးတရပ်တွင် အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ အစိုးရအသုံးစရိတ်ကို လျှော့ချခိုင်းခြင်း ပြဿနာ ရှိတတ် သည်။ စစ်အသုံးစရိတ်ကြီးမားသော အစိုးရများ၊ လာဘ်စားမှုများကို တိုက်ဖျက်သည့် အစီအစဉ်များအတွက် ကောင်းမွန်သော်လည်း အမှန်တကယ် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအစီအစဉ်များတွင် အစိုးရအသုံးစရိတ်များပြားသော နိုင်ငံများကိုမူ တိုက်ရိုက်ထိခိုက်မှုရှိလာတတ်ပြန်သည်။

မည်သို့ဆိုစေ အဆိုပါ အခက်အခဲများ ဖြစ်ပွားနေချိန်တွင် စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာများသည် နိုင်ငံရေး မ တည်ငြိမ်မှုနှင့် အစွန်းရောက်မှုများကို ဖြစ်ပွားစေနိုင်ပြီး ဦးနှောက်ယိုစီးမှု ပြဿနာများကိုလည်း ပေါ်ထွက်စေနိုင်သည်။ တပြိုင်နက် တည်းတွင် ပြည်ပမှ ၀င်ရောက်လာသော နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးများမှ ပြည်တွင်းဈေးကွက်ကို ချုပ်ကိုင်၍ ပြည်တွင်း ထုတ်လုပ်သူများကို အစားထိုးမှုများလည်း ပေါ်ထွက်လာမည်ဖြစ်သည်။

နိုင်ငံတကာစံချိန် စံညွှန်းများ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ ချမှတ်ထားသော အချို့စံချိန်စံညွှန်းများကလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ဆောင်မှုများကို အနုတ်လက္ခဏာ သက်ရောက်မှု ရှိနေပြန်သည်။ လယ်ယာပို့ကုန်များတင်ပို့သော နိုင်ငံများသည် ကုန်ပစ္စည်းတင်သွင်းသော နိုင်ငံများမှ သတ်မှတ်ထားသည့် Sanitary and phytosanitary (SPS) စံချိန်စံညွှန်းများကို ပြည့်မှီရမည် ဖြစ်ပေသည်။ အဆိုပါ သတ်မှတ်ချက်များမှ နိုင်ငံတကာထုတ်ကုန် အဆင့်အတန်း မြင့်မားရေးကို ရည်ရွယ်ခြင်းကြောင့် ကောင်းကျိုးကို ဦးတည်စေသည်ဖြစ်သော်လည်း၊ မိမိနိုင်ငံတွင်းမှ ထုတ်လုပ်မှုများကို မြှင့်တင်ရန် ရည်ရွယ်ပြီး အထက်ပါ စံညွန်းများကို အသုံးပြု၍ ပို့ ကုန်တင်သွင်းမှုကို တားမြစ်သော နိုင်ငံများလည်း ရှိလေသည်။

နိုင်ငံတကာ စံချိန်စံညွှန်းများ သတ်မှတ်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုပြီး၊ ကဏ္ဍအလိုက် ကျွမ်းကျင်သော ပညာရှင်များ ရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခက်အခဲ မရှိသော်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသော နိုင်ငံများအတွက် အခက်အခဲ၊ အတားအဆီးများ ဖြစ်လာတတ်ပါသည်။ ဥပမာ- ကုန်သွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများ ပြည့်မှီရန် ကြိုးပမ်းရမည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် tariff နှင့် permissible countervailing duties များ တွက်ချက်ခြင်းတွင် ကျွမ်းကျင်ရန် လိုအပ်သည်။ မူပိုင်ခွင့်များ၊ ကျန်းမာသန့်ရှင်းမှုများနှင့် ပတ်သက်သော စံချိန် စံညွှန်းများ ပြည့်မှီစေရန်အတွက် ကျွမ်းကျင်သည့် စစ် ဆေးရေးဝန်ထမ်းများ ခန့်အပ်ထားရှိရမည်။ ယင်းသို့သော လုပ်ငန်းဆောင်တာများအတွက် institutional development အတိုင်းအ တာ တခုအထိ လိုအပ်သည်ဖြစ်ရာ ကနဦးအစမှ အကောင်အထည်ဖော်ရသော နိုင်ငံများအတွက် ကြီးစွာသော အသုံးစရိတ်များ ပေါ် ထွက်လာပါတော့သည်။

စီးပွားရေးပညာရှင် Finger နှင့် Schuler တို့က အဆိုပါ အသုံးစရိတ်များနှင့် ပတ်သက်၍ နှိုင်းယှဉ်တွက်ချက်လေ့လာကြည့်ရာတွင် စံချိန်စံညွှန်းဆိုင်ရာ သဘောတူညီချက် သုံးခုဖြစ်သော customs valuation, Trade-Related Aspects of Intellectual Property Rights (TRIPS) နှင့် Sanitary and phytosanitary (SPS) measures တို့အတွက် နိုင်ငံတနိုင်ငံချင်းစီအလိုက် ကုန်ကျစရိတ်မှာ ဒေါ်လာသန်း (၁၅၀) ဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါသည်။ ယင်းပမာဏမှာ ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ ဖွံ့ဖြိုးတိုးတက်ရေး ဘတ်ဂျက်ပမာဏ ထက် ပိုမိုမြင့်မားပါသည်။ သို့ဖြစ်ရာ အချို့သော ပညာရှင်များက ဖွံ့ဖြိုးပြီး နိုင်ငံများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အရှိန်အ ၀ါကို အသုံးပြု၍ ယင်းတို့တွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးပြီးဖြစ်သော institutions များနှင့် စံချိန်စံညွှန်းများကို ဖွံ့ဖြိုးစဲနိုင်ငံများအား အ တင်းအကြပ် ဖိအားပေး သုံးစွဲစေသောကြောင့် ဖွံ့ဖြိုးဆဲတိုင်းပြည်များ၏ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေသည်ဟု ဝေဖန်ပြောဆို ကြပါသည်။

နိဂုံး
မည်သို့ဆိုစေ နိုင်ငံတကာ စီးပွားရေး ဆက်နွယ်မှုများသည် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပေါ်တွင် များစွာမူတည် ပါ သည်။ ယင်းသို့သော အခြေအနေတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ ပြုလုပ်အကောင်အထည်ဖော်နေသော negotiated rule -making စနစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမှန်တကယ်လိုအပ်နေသော ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိ ဖြစ်နေ စဲပင်ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာ ကစားပွဲများ သည်ကား စဉ် ဆက်မပြတ် ဆက်လက်ရှိနေဦးမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ခင်မမမျိုး
(၁၇၊ ၁၂၊ ၂၀၀၉)

copy from

http://readandstudy.wordpress.com/2010/12/22/%E1%80%80%E1%80%99%E1%80%AC%E1%81%BB%E1%82%95%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%9E%E1%80%BC%E1%80%9A%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%95%E1%82%80/#respond

ရည်ညွှန်းကိုးကားစာရင်း
Bhattacharjea, A. (2004) 'Developing Countries in the world trade regimes' in Mackintosh (eds.) Making the International: Economic Interdependence and Political Order, London, Pluto Press,

Chang, H. (2002) Kicking Away the Ladder: Development Strategy in Historical Perspective, London, Anthem Press

Das, B. (1998) WTO Agreements: Deficiencies, Imbalances and Required Changes, London, Zed Books

Finger, J. & Schuler, P. (2000) 'Implementation of the WTO Commitments: the development challenge in Hokeman, B, English, P. and Matto, A. (eds) Development, Trade and WTO: A Handbook, Washington DC, World Bank

Oxfam (2002) Rigged Rules and Double Standards: Trade, Globalization and the Fight against Poverty, London, Oxfam

Rodrik, D. (2001) The Global Governance of Trade as if Development really mattered, New York, UNDP

Wednesday, October 17, 2012

ကုန်သွယ်ရေကြောင်း

  ကျွန်တော်တို့ မှီတင်း နေထိုင်တဲ့ ကမ္ဘာလုံးကြီးရဲ့ ၇၀ ရာခိုင်နှုန်းခန့် က ရေတွေနဲ့ ဖုံးလွှမ်းထားတာပါ။ ရေကြောင်းကုန်သွယ်မှုဟာလည်း ကမ္ဘာမှာ အရေးအပါဆုံး ဆိုပါတော့။ ဘာလို့များပါလိမ့်ဗျာ။ ကုန်ပစ္စည်း အမျိုးအမည်မရွေး အရေအတွက် များများနဲ့ ဈေးချိုချို သယ်လို့ရတာက ဒီတစ်နည်းပဲ ရှိတာကိုး။ သံမြေရိုင်း၊ ဘိလပ်မြေ၊ ပဲ၊ ပြောင်း၊ နှမ်း၊ လောင်စာဆီ၊ ဓါတ်ငွေ့ တွေကအစ ကား၊ လေယာဉ်၊ ရေနံစင်ကြီးတွေ အလယ်၊ တိရစ္ဆာန်တွေ အဆုံး အကုန်လုံးကို ရေထဲကနေ သယ်ကြတာပါပဲ။ သင်္ဘောကြီးတွေကလည်း ကြီးလာလိုက်ကြတာ မလေးရှားက ပီထရိုနာ့စ် တွင်တာဝါ (Petronas Twin Towers) ကို အလျားလိုက် လှဲထားရင်တောင် ကမ္ဘာ့အရှည်လျားဆုံး သင်္ဘောကြီး အရှည်ကို မမီသေးပါဘူးတဲ့1။ တစ်ခါ လောင်စာဆီတွေ သဘာဝဓါတ်ငွေ့ တွေကို ပိုက်လိုင်းတွေ သွယ်ပြီးရောင်းကြ ဝယ်ကြတာထက် သင်္ဘောတွေနဲ့ ခေါက်တုံ့ ခေါက်ပြန် သယ်ကြတာက လုံခြုံရေး အရ ပိုတွက်ခြေကိုက်ပါသတဲ့။


Knock Nevis သင်္ဘော နှင့် ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံများ


Retrieved from Wikimedia Commons on April 26, 2010. This work is shared under the following license.



ဒီလိုမျိုး ဘယ်တော့မှ မတိမ်ကောမယ့် စီးပွားရေးမျိုးဖြစ်တာမို့ လုပ်စား ကိုင်စားကြတဲ့ လူတွေ၊ ကုမ္ပဏီကြီးတွေ၊ နိုင်ငံ အစိုးရတွေ မနည်းပါပဲ။ တကယ်ပဲ မက်လောက်စရာပါ။ သြစတြေးလျ မှာ သံမြေရိုင်းတစ်တန်ဟာ ငါးကျပ်လောက်ပဲတန်ပေမယ့် သင်္ဘောနဲ့ သယ်သွားပြီး တရုတ်ပြည်လည်းရောက်ရော တစ်ဆယ်ဆိုလည်းဟုတ် ဆယ့်ငါးကျပ်ဆိုလည်းဟုတ်။ (အမှန်တကယ်ဈေးကွက်ပေါက်ဈေး မဟုတ်ပါ) ကြားပွဲစားတစ်ယောက်အနေနဲ့ ကုန်တစ်တန် ကို ၅ပြားလောက်ပဲ ကော်မရှင် ရပါစေဦး။ (အနည်းဆုံးနော် အနည်းဆုံး) တန်ချိန် တစ်သိန်းဆိုရင် ဒေါ်လာငါးထောင် အိတ်ထဲဝင်သွားပါပြီ။ သူလုပ်လိုက်ရတာက အီးမေးလ်လေး တစ်စောင်နဲ. ဟိုဖက် ဒီဖက် ချိတ်ပေးလိုက်တာပါပဲ။ ကြည့်ဗျာ..အီးမေးလ် တစ်စောင်ပို့လို့ ရတဲ့ ဝင်ငွေက ငါးထောင်တဲ့။ လန်ဒန်၊ ဟောင်ကောင်၊ စင်ကာပူ မှာ လပ်တော့ (lap top) လေး တစ်လုံးအရင်းပြုလို့ နေ့စဉ် ဒေါ်လာထောင်သောင်းနဲ့ ချီပြီး အလုပ်ဖြစ်နေတဲ့သူတွေ ဒုနဲ့ဒေးပါ။ အဲ ကျွန်တော်တို့ မြန်မာတွေတော့ မပါပါဘူး။ အဲလို ပွဲစားအနေနဲ. ကုန်သည်အနေနဲ. စွန့်ဦးတီထွင် လုပ်နေကြတဲ့သူ မြန်မာလူမျိုးပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရှိလာပြီ ဖြစ်ပေမယ့် သိသလောက်တော့ လက်ငါးချောင်းတောင် မပြည့်သေးသလိုပါပဲ။ အောင်မြင်တဲ့အဆင့်ထိလည်း မရောက်ကြသေးပါဘူး။ ဒီနေရာမှာ လုပ်ငန်းပိုင်းအရ အောင်မြင်တာကို ပြောတာပါ။ အလကားရတဲ့ ပစ္စည်းကို ငါးကျပ်နဲ. ရောင်းလို. ရတဲ. ခါတော်မီ အောင်မြင်မှုကို ပြောတာမဟုတ်ပါဘူး။ ပိုက်ဆံလိုက်နိုင်ပေမယ့် နိုင်ငံတကာမှာ မဝင်ဆန်.နိုင်တဲ့ ပြဿနာလေးတွေကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပါ။ ဥပမာ နိုင်ငံ အတွင်းအပြင် ငွေအသွင်းအထုတ် မလွယ်တာတို.၊ လက်ရှိနိုင်ငံရေး အခြေအနေအရ နိုင်ငံရပ်ခြားမှာ ဘဏ်အကောင့်ဖွင့်ခွင့် မရသူတွေ ဖြစ်နေတာတို. စသဖြင့်ပေါ့လေ။ ငိုအားထက်သန် ရယ်အားထက်သန် ဆိုသလိုပါပဲ။ သိပ်မကြာသေးပါဘူး။ မြန်မာလုပ်ငန်းရှင် တစ်ယောက် Original BL (Bill of Lading) (ကုန်တန်ဖိုးကျသင့်ငွေကို ဘဏ်ကနေ ထုတ်ယူလို.ရမယ့် ကုန်သွယ်ရေကြောင်း ချက်လက်မှတ် ဆိုပါတော့။ BL အကြောင်း နောက်မှ သပ်သပ်ထပ်ရေးပါမယ်။) ဘယ်နှစ်စောင်ရှိမှန်းမသိဘဲ တစ်စောင်လောက် လက်ထဲရောက်လာလို. ပိုင်ပြီဆိုပြီး ကုန်တင်ပေးလိုက်တာ စာရွက်ကလေးကိုင်ပြီး ကုန်ဖိုးငွေ ဘယ်သူ.ကို လိုက်တောင်းရမှန်းမသိဖြစ်နေပါသတဲ့။


ကမ္ဘာ့ အစည်ကားဆုံး စင်ကာပူ ကွန်တိန်နာ ဆိပ်ကမ်း


Retrieved and resized from Wikimedia Commons on April 26, 2010. This work is shared under the following license.

ထားပါ။ ပြောချင်တာက အမြတ်အစွန်းများတာမှန်ပေမယ့် ဒီလောကထဲကို ဝင်ချင်တိုင်းလည်း ဝင်လာလို့ မလွယ်ပါဘူး။ ရေကြောင်းစီးပွားရေးနဲ့ ပတ်သက်တဲ့ ဘွဲ့ရလာလို့၊ ပိုက်ဆံတွေ ပေါနေလို့ ဆိုပြီး ဒီလောကထဲ ဘုမသိ ဘမသိဝင်လာလို့မရပါဘူး။ ဒီလောကမှာ အတွေ့အကြုံကသာ အကောင်းဆုံး အရင်းအနှီးပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်လို အရောင်းအဝယ် သတင်းအချက်အလက်ကိုမှ ဘယ်သောအခါမှ တရားဝင် ကြေညာခြင်းမရှိတဲ့ စီးပွားရေးလောကကိုး။ သင်္ဘောတစ်စီးသော်လည်းကောင်း၊ ကုန်ရောင်းကုန်ဝယ်သော်လည်းကောင်း အလုပ်တစ်ခု ဖြစ်သွားပေမယ့် ဘယ်ဈေးနဲ့ဆိုတာ ဘယ်သူမှ တိတိကျကျ မသိပါဘူး။ သင်္ဘောတစ်စီးကို ကုမ္ပဏီတစ်ခုက သူပိုင်အနေနဲ့ မှတ်ပုံတင်ထားပေမယ့် တစ်ကယ့်ပိုင်ရှင်ဟာ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ရောင်းသူနဲ့ ဝယ်သူဟာ ဂျပန်မှာ အိမ်ချင်းကပ်ရက် နေချင်နေကြလိမ့်မယ်။ ဒါပေမယ့် အရောင်းအဝယ်ကတော့ ဟောင်ကောင်၊ စင်ကာပူ၊ နယူးရော့ခ်၊ လန်ဒန် စသဖြင့် ကမ္ဘာတစ်ပတ်ပတ်ပြီးမှ ပွဲစားဆယ်လက် လောက်ပြောင်းပြီးမှ ဖြစ်ချင် ဖြစ်သွားတတ်တယ်။

ဒီလို လျှို့ဝှက်သည်းဖိုဆန်တဲ့ ကုန်သွယ်ရေကြောင်းလောကကို ဘယ်လို စည်းမျဉ်း၊ ဥပဒေတွေနဲ. ဘောင်ကွပ်ထားပါသလဲ။ အလျော်အစား၊ အာမခံ၊ ကုန်သွယ်ခ စတာတွေနဲ. ပတ်သက်တဲ့ ကျင့်ဝတ်မူကြမ်းတွေ ကိုယ့်ဟာကိုယ် ရေးဆွဲ၊ ကိုယ့်ဟာကိုယ် အတည်ပြု၊ ကိုယ့်ဟာကိုယ် သဘောတူ သတ်မှတ်ပြီး ကိုယ့်ဟာကိုယ် စတင်အသုံးပြုခဲ့ကြတဲ့သူ (rule making bodies) တွေကတော့ အင်္ဂလန် နဲ့ အနောက်ဥရောပနိုင်ငံတချို.ပါ။ ပိုင်တယ်နော်။ (အာရှသားတွေဟာ ဥရောပသားတွေထက် အများကြီး စောပြီး ပင်လယ်ကို အောင်နိုင်ခဲ့ကြပေမယ့် လက်တွေ့ကျကျ အကျိုးရှိရှိ အသုံးမချနိုင်ခဲ့ကြပါဘူး။) သူတို့တွေဟာ နိုင်ငံအစိုးရတွေ မဟုတ်သလို မှတ်ပုံတင်ထားတဲ ကုမ္မဏီကြီးတွေ မဟုတ်ကြပါဘူး။ ကုန်သည်၊ပွဲစား၊ သင်္ဘောပိုင်ရှင်၊ သင်္ဘောမန်နေဂျာ၊ ရှေ့နေတွေ ပါဝင်တဲ့ society အဖွဲ့အစည်းတွေပါ။ ၁၆ရာစုလောက်က စခဲ့ပေမယ့် အခုအချိန်အထိ society/association တွေအဖြစ်နဲ့ပဲ အမည်ခံ ရပ်တည်နေကြတုန်းပါပဲ။ နောက်ပိုင်း အမေရိကန် ကောင်းစားလာတော့ အမေရိကန် သင်္ဘောပိုင်ရှင်၊ ရှေ.နေတွေရဲ. ခေတ်သစ်အမေရိကန် လုပ်ထုံးလုပ်နည်းတွေ ထပ်ပေါ်လာပါတယ်။ ဒီလိုနဲ့ ပွဲစားခ၊ ကုန်သယ်ပေးခ၊ အခွန်အခ၊အာမခံကြေး၊ လျော်ကြေး စတာတွေ တွက်ကြ ချက်ကြတဲ့ နေရာမှာ လန်ဒန်နဲ့ ဥရောပရဲ့ ရှေးရိုးဆန်တဲ့ ထုံးတမ်းစဉ်လာတွေနဲ့အတူ ခေတ်သစ်အမေရိကန် ဥပဒေတွေကိုလည်း ထည့်စဉ်းစားလာရပါတယ်။


အထက်ပါ ဥရောပနဲ့ အမေရိကန်ခေတ်သစ် ကုန်သွယ်ရေကြောင်း ကျင့်ဝတ် ဥပဒေကြမ်းတွေ အခြေခံလို့ ကမ္ဘာနိုင်ငံတော်တော်များများဟာ ဥပဒေပြုလွှတ်တော်ကတစ်ဆင့် လိုတာလေးတွေ ထပ်ဖြည့်ပြီး မိမိနိုင်ငံရဲ့ အခြေခံဥပဒေမှာ အစာသွတ်ကြပါတယ်။ မိမိနိုင်ငံရဲ့ အကျိုးစီးပွား၊ အနေအထားအရ နိုင်ငံတွေရဲ့ ကုန်သွယ်ရေကြောင်း ဥပဒေတွေဟာ ကွာဟချက်လေးတွေ ရှိလာတယ်။ မြန်မာနိုင်ငံဟာ ကုန်ကြမ်းထွက်တဲ့ နိုင်ငံဖြစ်လို့ ကျွန်တော်တို့ နိုင်ငံက ပြဋ္ဌာန်း ထားတဲ့ ရေကြောင်းဥပဒေဟာ ကုန်ပိုင်ရှင်တွေကို ဦးစားပေးစဉ်းစား အခွင့်အရေးတွေ ပိုပေးထားပေမယ့် စင်ကာပူရဲ့ ကုန်သွယ်ရေကြောင်းဥပဒေက ကုန်သည်၊ ပွဲစားတွေကို ပိုပြီး အသာပေးထားပါတယ်။

ကုန်သွယ်ရေကြောင်းဥပဒေတွေကို အသုံးချတဲ့ရှုထောင့်ကနေ အကျိုးအပြစ်လေးတွေရှာပြီး တို့ထိကြည့်ဖို့ စိတ်ကူးထားပါတယ်။ မထိတထိလေးပေါ့ဗျာ။ နောက်မှ တွေ့ရအောင်။

sirius

  1. http://en.wikipedia.org/wiki/Knock_Nevis
by https://www.facebook.com/pondaungvalley

သင့်စိတ်ကိုပျော်ရွှင်ကြည်နူးစေမည့် အစားအသောက်များ

ဗီတာမင်ဘီအုပ်စု
ကျွန်မတို့အများစုဟာ စားသောက်တဲ့အစားအစာတွေမှာ ဗီတာမင်ဘီ လုံလောက်စွာပါရှိမနေပါဘူး။ ဖောလစ်အက်စစ်၊ ဗီတာမင် B6 နဲ့ B12 တို့ ချို့တဲ့မှုကြောင့် Homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တွေများပြားလာကာ စိတ်ဓာတ်ကျခြင်း၊ လေဖြန်းခြင်းနဲ့ နှလုံးရောဂါများ ရရှိလာနိုင်ပါတယ်။ Homocysteine ပမာဏ ပုံမှန်အတိုင်းရှိနေဖို့အတွက် နေ့စဉ်နေ့တိုင်း ဟ
င်းသီးဟင်းရွက်စိမ်းများ စားသင့်ပါတယ်။



ဘယ်လိုအစာတွေ စားရမလဲ 
ဟင်းနုနွယ်ရွက်လို အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်များ၊ သံပရိုသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ကညွတ်၊ သကြားသီးနဲ့ ပဲမျိုးမျိုး။

Omega 3 (ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီများ) 

အဆီတွေ၊ ဆီများတဲ့အစာတွေဟာ ကျန်းမာရေးနဲ့ မသင့်တော်လို့ များများမစားသင့်ဘူးဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိုမီဂါ ၃တို့ကို အဆီတွေကိုတော့ စားပေးသင့်ပါတယ်။ စိတ်ခံစားမှုကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေ ဆက်သွယ်မှုကောင်းမွန်ချောမွေ့အောင်၊ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း သယ်ယူပို့ဆောင်နိုင်အောင် အိုမီဂါ ၃ အဆီက ပြုလုပ်ပေးပါတယ်။

ဘာတွေ စားရမလဲ 
တူနာငါး၊ ငါးသေတ္တာငါး၊ အယ်လ်မွန်သီး၊ သစ်ကြားသီး၊ ဖရုံစေ့။

မဂ္ဂနီဆီယမ်သတ္တုဓာတ်
စိတ်ပင်ပန်းမှုတွေ ဖြေလျှော့ဖို့နဲ့ ရာသီအကြိုစိတ်ပြောင်းလဲမှုများကို လျော့နည်းစေဖို့အတွက် လိုအပ်တဲ့ Neurotransmitter တွေ များများထုတ်လုပ်နိုင်ဖို့ မဂ္ဂနီဆီယမ်သတ္တုဓာတ်ကို လိုအပ်ပါတယ်။ မောပန်းနွမ်းနယ်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်လွယ်ခြင်းနဲ့ စိတ်အပြောင်းအလဲမြန်ခြင်းစတဲ့ လက္ခဏာ ရပ်များဟာ မဂ္ဂနီဆီယမ် သတ္တုဓာတ်ချို့တဲ့ ခြင်းကြောင့် ဖြစ်လာနိုင်ပါတယ်။

ဘာတွေစားသင့်လဲ 

ဟင်းနုနယ်ရွက်၊ ပဲအမျိုးမျိုး၊ ပေါင်မုန့်၊ အစေ့အဆန်အမျိုးမျိုး၊ အယ်လ်မွန်သီ၊ နေကြာစေ့၊ ဖရုံစေ့။

ကာဗွန်ဟိုက်ဒရိတ်ဒြပ်ပေါင်း 
ကာဗွန်ဟိုက်ဒရိတ်ဒြပ်ပေါင်းများပါရှိတဲ့ အစာတွေ စားသုံးပေးခြင်းဖြင့် ဦးနှောက်ထဲ Tryptophan ဓာတ်တွေ စုပ်ယူနိုင်စွမ်း ပိုမိုများပြားစေပါတယ်။ ကွေကာအုတ်တို့လို Glycaemic Index (GI) နည်းတဲ့ အစာတွေရွေးစားပါ။ GI နည်းတဲ့အစာတွေဟာ သွေးတွင်းသကြးဓာတ်ကို ဖြည်းဖြည်းချင်း မြင့်တတ်လာစေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်လာခြင်း၊ ကျဆင်းလာခြင်းတို့ကို မဖြစ်စေပါဘူး ဒါကြောင့် သင့်ကို တစ်နေကုန် အင်အားရှိစေ၊ ပျော်ရွှင်စေပြီး စိတ်ခံစားမှု ပြောင်းလဲလွယ်တာမျိုး မဖြစ်စေပါဘူး။ လတ်ဆက်တဲ့ သစ်သီးများမှာ ပါတဲ့ သကြားဓာတ်ကလည်း ရိုးရိုးသကြားထက်စာရင် သွေးတွင်းသကြားဓာတ်ကို မျှတအောင် ညှိပေးပါတယ်။

ဘာတွေ စားသင့်လဲ 
ကောက်ပဲသီးနှံများ( ဂျုံ၊ ကွေကာအုတ်)၊ ဆန်လုံးညို၊ လတ်ဆက်တဲ့ သစ်သီး။

ပရိုတင်းဓာတ် 
စိတ်ကို လန်းဆန်းသွက်လက်တတ်ကြွစေနိုင်တဲ့ Neurotransmitter တွေဖြစ်တဲ့ ဒိုပါမင်း နဲ့ နော်အပီနက် ဖရင်း(Norepinephrine) တို့ကို နေ့လယ်ဘက်တွေမှာ ဦးနှောက်က ထုတ်ယူနိုင်စွမ်း လျော့နည်းနေတတ်ပါတယ်။ ပရိုတင်းဓာတ်ပါရှိတဲ့ အစာတွေ စားသုံးခြင်းဖြင့် ဒီ Neurotransmitter တွေရဲ့ ပမာဏကို များပြားစေနိုင်တဲ့ Tyrosin ဓာတ် ပိုမို ထွက်ရှိလာတဲ့အတွက် စိတ်ကို ပြန်လည် လန်းဆန်းတတ်ကြွစေနိုင်ပါတယ်

ဘာတွေ စားသင့်လဲ 

အဆီ အနည်းငယ်သာပါရှိတဲ့ အမဲသား၊ ကြာက်သား၊ ဘဲသား (အရေခွံခွာစားပါ)၊ အဆီနည်းတဲ့ နွားနို့၊ ဒိန်ချဉ်၊ ပုစွန်၊ ကဏန်း၊ ပဲအမျိုးမျိုး။

ရေ 
ကျွန်မတို့ ဦးနှောက်ထဲမှာ ရေ ၈၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ဆဲလ်အမြှေးများ ချောစေနိုင်ဖို့အတွက် ရေဓာတ် အလုံအလောက် လိုအပ်ပါတယ်။ မဟုတ်ပါက သင်ဟာ ခေါင်းမူးပြီး မောပန်းနွမ်းလျကာ ရေငတ်နေပါလိမ့်မယ်။

ဘာလို သောက်သင့်လဲ
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကောင်းမွန်စေဖို့အတွက် တစ်နေ့ကို ရေနှစ်လီတာ (ရေသန့်ဘူ နှစ်လူးစာ) သောက်ပေးသင့်ပါတယ်။



Good Health



မြန်မာနိုင်ငံဟာ ကံကောင်းသတဲ့

မြန်မာနိုင်ငံဟာ နယ်ဆင်မင်ဒဲလား လို ခေါင်းဆောင်တယောက်နဲ့ ဂေါ်ဗာချော့ လို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူတယောက်ကို တပြိုင်တည်းရလိုက်တဲ့ အတွက် ကံကောင်းသတဲ့။လွန်ခဲ့တဲ့ အပတ်တုံးက နိုင်ငံတကာ သတင်းစာတွေကို ပြန်တုန့်ပြန်ထားတဲ့ ဆောင်းပါးလေးကို လွတ်လပ်တဲ့အာရှအသံရဲ့ ကြာသာပတေးညပိုင်းအစီးအစဉ်မှာ ဆွေးနွေးခဲ့တယ်။
နိုင်ငံတကာ သတင်းမီဒီယာတွေကိုကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန်တို့ရဲ့ ခရီးစဉ်တွေ၊ သူတို့အပေါ် နှိုင်းယှဉ်သုံးသပ်ထားတဲ့ ဆောင်းပါးတွေ၊ ဒီမိုကရေစီရေးမျှော်လင့်ချက်ရောင်ခြည်တွေကို ဝေဝေဆာဆာတွေ့မြင်နေကြရပါတယ်။ နယူးယောက်တိုင်း သတင်းစာကြီးမှာ ဆိုရင် မြန်မာနိုင်ငံဟာ နယ်ဆင်မင်ဒဲလား နဲ့ ဂေါ်ဗာချော့ လို ပုဂိုလ်နှစ်ယောက်ကို တပြိုင်တည်းရတဲ့အတွက် ကံကောင်းတယ် လို့ ခြီးကြူးထောပနာပြုထားခြင်းကို နှိုင်းယှဉ်ပြထားမှုအပေါ် ပြန်လည်ချေပထားတဲ့ အချက်အလက်တွေကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိက လွတ်မြောက်ရေးခေါင်းဆောင် နယ်ဆင်မင်ဒဲလား နဲ့ နှိုင်းယှဉ်ထားပြီး သမ္မတကြီး ဦးသိန်းစိန် ကိုတော့ ဆိုဗီယက်ပြည်ထောင်စုရဲ့ စီးပွားရေး၊ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူ ဂေါ်ဗာချော့ အဖြစ်နဲ့ ရည်ညွှန်းချင်ပုံရပါတယ်။ တချို့ကတော့ အဲ့ဒီ နှိုင်းယှဉ်ချက်တွေကို အပြင်းအထန်ငြင်းဆန်ခဲ့ကြပါတယ်။
 နယ်ဆင်မင်ဒဲလား ဟာ အကျဉ်းထောင်ထဲမှာ ၂၇ နှစ်ကျော် အဖမ်းခံခဲ့ရပြီးတဲ့နောက် သူရှိတဲ့နေရာကို လူဖြူအစိုးရက လာရောက်ညှိနှိုင်းခဲ့ပါတယ်။ တောင်အာဖရိက ရွေးကောက်ပွဲတွေမှာ သမ္မတအဖြစ် ရွေးချယ်ခွင့်ပေးခဲ့ပါတယ်။၊ မြန်မာစစ်အစိုးရကတော့ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေ စည်းဝိုင်းထဲကို ဝင်မလာမခြင်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အပေးအယူမလုပ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့ရဲ့ အတွင်းစည်းထဲမှာ ဝင်ရောက်ကစားခဲ့ပါတယ်။ အမုန်းတရား တစုံတရာမှ မပြောဆိုပဲ၊ အတိတ်ရဲ့ နာကျင်ဘွယ်အဖြစ်အပျက်တွေကို ပြန်လည် ကောက်ကြောင်းမခြစ်ပဲ၊ မေတ္တာတရား အငွေ့အသက်တွေလွှမ်းခြုံနေတဲ့ နိုင်ငံရေးလမ်းကြောင်းတခုကို စတင်လျှောက်လှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေတွေမှာ အကန့်အသတ်တွေများလွန်းတဲ့အပြင်၊ သမ္မတဖြစ်မဲ့သူဟာ စစ်ရေးအတွေ့အကြုံရှိရမယ် ဆိုတဲ့ စည်းခြားမှုတွေကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေဟာ နယ်ဆင်မင်ဒဲလား လို ဖြစ်လာဖို့ အခြေအနေမရခဲ့ပါဘူး။ ပိုပြီး ကွာခြားတဲ့ အချက်ကတော့ နိုင်ငံတကာ ရဲ့ တုန့်ပြန်မှုအနေအထားပဲဖြစ်ပါတယ်။ တောင်အာဖရိက လွတ်မြောက်ရေးလှုပ်ရှားမှုကာလတွေကို ကြည့်လိုက်မယ် ဆိုရင် အမေရိကန်ပြည်ထောင်စ နဲ့ အနောက်အုပ်စုဟာ စစ်အေးတိုက်ပွဲရဲ့ အဓိက အန္တရာယ်ဖြစ်တဲ့ ကွန်မြူနစ်တွေရဲ့ ခြေလှမ်းကို ရိုက်ချိုးချင်ခဲ့ပါတယ်။ ဒါကြောင့်လည်း၊ အကြမ်းဖက်မှုနည်းပေါင်းစုံ နဲ့ လူဖြူအစိုးရကို လက်နက်ကိုင်စွဲတိုက်ပွဲဝင်ခဲ့တဲ့ အာဖရိကန်အမျိုးသားကွန်ဂယက် ကို လက်ဝဲဝါဒီတွေရဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကလည်း အမှန်တရား နဲ့ အမှားတွေကြားမှာ ကြားနေဖို့ မသင့်ဘူး ဆိုတဲ့ စကားလုံးတွေနဲ့ ရော်နယ်ရေဂင် ရဲ့ အစိုးရကို ကွန်ဂယက်ထဲအထိ လာရောက်ဝေဖန်ခဲ့ဘူးပါတယ်။
  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကတော့ ကံဆိုးမှုတွေထဲမှာ ရုန်းကန်ခဲ့ရတယ် လို့ ဆိုရပါလိမ့်မယ်။ တောင်အာဖရိကရဲ့ လူဖြူအစိုးရကို ထောက်ခံခဲ့သူ အင်အားကြီးနိုင်ငံတွေက အဝေးကြီးမှာ ရှိနေခဲ့ပေမဲ့ မြန်မာစစ်အာဏာရှင်တွေကို အဓိက ထောက်ခံပံ့ပိုးခဲ့သူ တရုပ်ပြည်သူ့သမ္မတနိုင်ငံကတော့ အနီးဆုံးမှာ တည်ရှိနေခဲ့ပြီး၊ ဒေသတွင်း လွှမ်းမိုးမှုကို သိမ်သိမ်မွေ့မွေ့လုပ်ကိုင်နေခဲ့တာကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဒဏ်ခပ်ပိတ်ဆို့မှုတွေဟာ အရာမထင်ခဲ့ပါဘူး။ ဒါ့အပြင် အာဆီယံ လို အဖွဲ့တွေကလည်း မျက်နှာနှစ်ဘက်နဲ့ အဆက်အဆံလုပ်နေခဲ့တာကြောင့် မြန်မာနိုင်ငံရေးအပြောင်းအလဲပေါ်မှာ ဘုံသဘောတူညီမှုဆန်တဲ့ မဟာဗျူဟာ တခု ရှိမနေခဲ့ပါဘူး။ အင်အားကြီးနိုင်ငံတခုက စစ်ရေးနိုင်ငံရေး အဓိက ထောက်ပံ့ပေးနေခဲ့ရင်၊ အဲ့ဒီ နိုင်ငံတွေအပေါ် ဆင်နွဲတဲ့ စစ်ပွဲဟာ မအောင်မြင်နိုင်ဘူး၊ ဥပမာ ဗီယက်နမ် စစ်ပွဲပေါ့ဗျာ ၂၀ ရာစုမှာ ဗီယက်နမ်စစ်ပွဲ အရှုံးရဲ့ သင်ခန်စာကို လေ့လာခဲ့မိကြတဲ့ အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည် အပေါ်ထားတဲ့၊ သူတို့ရဲ့ သဘောထားကို ပြန်လည် သုံးသပ်ခဲ့ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု နဲ့ တရုပ်နိုင်ငံကြားက ပါဝါကစားပွဲမှာ မြန်မာနိုင်ငံဟာ ဓါးစာခံဖြစ်မှာကို စိုးရိမ်ပုံရပါတယ်။ ဒါကြောင့်လည်း ဒက်စမွန်တူးတူး ရဲ့ အင်အားပြင်းတဲ့စကားလုံးတွေလို ပြောဆိုမနေတော့ပဲ တခါတုံးက ပြိုင်ဘက်ဟောင်းတွေ နဲ့ ရင်ကြားစေ့ချင်တဲ့ စကားတွေ နဲ့ သာ ကမ်းလှမ်းခဲ့ပါတယ်။ အမျိုးသားရေးညီညွတ်မှုကို တည်ဆောက်ပြီး အသက်ရှုချောင်မဲ့အနာဂတ်ကိုသာ မြင်တွေ့ချင်ပုံရပါတယ်။
  သမ္မတကြီး ဦးသိန်းစိန် ကို ဆိုဗီယက်ခေါင်းဆောင် မစ်ဟိုင်းဂေါ်ဗာချော့ နဲ့ နှိုင်းယှဉ်လိုက်တာကတော့ တော်တော်လေးဂွကျ တဲ့ အမြင် လို့ ဆိုရမယ် ထင်တယ်။တူတဲ့အချက်တွေတော့ ရှိတယ်ဗျာ။ ဆိုဗီယက်ယူနီယံရဲ့ ဖွဲ့စည်းပုံကို ကြည့်လိုက်မယ်ဆိုရင် ဆိုဗီယက်ကွန်မြူနစ်တွေက အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်သူတွေ၊ Congress of Deputies မှာ သူတို့ရဲ့ လူတွေကပဲ ဥပဒေရေးဆွဲမှုကို အဓိက လုပ်ကိုင်ကြတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေကလည်း ဒီအတိုင်းပဲ။ ကွာခြားချက်ကတော့ ဂေါ်ဗာချော့ က ဆိုဗီယက်ယူနီယံကို ပြုပြင်ပြောင်းလဲတဲ့အခါ ပါတီစုံစံနစ်ကို မလိုချင်ဘူး။ ဆိုရှယ်လစ်အတွေးအခေါ် စက်ဝိုင်းအတွင်းကပဲ ပြုပြင်ပြောင်းလဲရေးလုပ်ချင်တယ်။ ဒါပေမဲ့ တဘက်မှာတော့ ဆိုဗီယက်ယူနီယံမှာ ပါဝင်တဲ့နိုင်ငံတွေ၊ လူမျိုးစုတွေရဲ့ အနာဂတ်ကို ကိုယ့်သဘောအတိုင်းသွားခွင့်ပြုတယ်။ သူရဲ့ အရှေ့ဂျာမဏီခရီးစဉ်မိန့်ခွန်းမှာ ဒီအချက်ကို အထင်အရှားတွေ့ရမယ်။

By Aung Moe Win

လင်းမိုးဝေ မိတ်ဆက်

လွန်ခဲ့တဲ့ သုံး လေး နှစ်လောက်က မြန်မာပြည်က ဂျာနယ်တစ် စောင်မှာပါတဲ့ အလုပ်ခေါ်တဲ့ ကြော်ငြာတစ်ခုကို ဖတ်မိပါတယ်။ အာဖရိက နိုင်ငံတစ်ခုက (Kenya လို့ထင်ပါတယ်) အထည်ချုပ် စက်ရုံမှာ အမျိုးသမီး အထည်ချုပ် သမတွေ အလိုရှိတယ် ဆိုတဲ့ ကြော်ငြာပါ။ အိမ်နီးချင်းနိုင်ငံတစ်ခုက အာဖရိကမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေနဲ့ အထည်ချုပ်စက်ရုံဖွင့်လို့ မြန်မာအမျိုးသမီးတွေကို အလုပ်အေးဂျင့်တွေက တဆင့် အလုပ်ခေါ်ပုံ ရပါတယ်။ ကျွန်တော် တော်တော်တုန်လှုပ်သွားပါတယ်။ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှု အနိမ့်ဆုံး ဒေသဖြစ်တဲ့ အာဖရိကမှာ မြန်မာနိုင်ငံသားတွေ အလုပ်သွားလုပ်ဖို့အထိ လိုအပ်နေပြီလား၊ ဒီကြော်ငြာက မြန်မာပြည်ရဲ့ လက်ရှိ စီးပွားရေး အခြေအနေကို ထင်ဟပ်ပြသနေတာလား၊ စတဲ့ မေးခွန်းတွေ ခေါင်းထဲလှိမ့်ဝင်လာပါတယ်။


မနှစ်က ထိုင်းနိုင်ငံကို အခွင့်ကြုံလို့ အလည်တခေါက်သွားခဲ့ပါတယ်။ အထူးသဖြင့်ဘန်ကောက်နဲ့ အယုဒ္ဓယ ကိုပါ။ လွန်ခဲ့တဲ့ ခုနစ်နှစ် လောက်တုန်းကမြန်မာပြည်က စထွက်ခဲ့တဲ့အချိန် မီးထိန်ထိန်လင်းနေတဲ့ ဘန်ကောက်မြို့ကို လေယာဉ်အကူးအပြောင်းမှာ မြင်ခဲ့ဖူးပါတယ်။ အခုတော့ ထိုင်းနိုင်ငံထဲကို ထဲထဲဝင်ဝင် လည်ပတ်ခွင့်ရပါပြီ။ ထိုင်းနဲ့မြန်မာဟာ နယ်မြေဧရိယာချင်းမတိမ်းမယိမ်းပါ။ သမိုင်း အစဉ်အလာ အရလည်း မြန်မာနဲ့ ထိုင်းဟာ ဒေသပြိုင်ဘက်တွေလည်းဖြစ်၊ ဆင်တူတဲ့ ယဉ်ကျေးမှု စရိုက်တွေရှိပြီး ကိုလိုနီဝါဒရဲ့ ရိုက်ခတ်မှုကို အနည်းနဲ့အများ ခံခဲ့ကြရပါတယ်။ အခုတော့ ထိုင်းဟာ စီးပွားရေး ဖွံဖြိုးတိုးတက်မှု အရှိန်အဟုန် မြန်လာပြီး အာရှကျားလေးကောင် (စင်ကာပှု၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား) နောက်က ကပ်လိုက်တဲ့ တက်သစ်စ စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်လာပါတယ်။ (၁၉၉၇ အာရှ ငွေကြေး အကြပ်အတည်းနဲ့ လတ်တလော နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အရင်လောက် မဟုတ်ပေမယ့် ကောင်းနေဆဲပါ။) ၂၄ နာရီ မီးမပြတ်၊ နိုင်ငံတကာအဆင့်မီတဲ့ အဝေးပြေးကားလမ်းတွေ၊ ထိုးထိုးထောင်ထောင် အဆောက်အအုံတွေကို ဘန်ကောက်မှာ တွေ့ခဲ့ရတာပါ။ ဘာကြောင့် ထိုင်းဟာ ကျွန်တော်တို့ရှေ့ ရောက်သွားတာလဲ။ ဘယ်အချက်တွေကြောင့် စီးပွားတိုးတက်မှု ကွာဟလာရတာလဲ။ ကျွန်တော့် အတွက်တော့ အဖြေက မသဲမကွဲနဲ့ ငိုရမလို ရယ်ရမလိုပါ။


"နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် (အထူးသဖြင့် စီးပွားရေးမှာ) ဘာတွေလိုအပ်ပါသလဲ။ ဘာတွေလုပ်ရမလဲ။ မင်းတို့ဟာ ဘောဂဗေဒ ပညာရှင်တွေ (economists)၊ နိုင်ငံရေး ဘောဂဗေဒ ပညာရှင်တွေ (political economists) ဆိုပါစို့။ နိုင်ငံ တစ်ခုက တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်အောင် လုပ်ချင်လို့ အကြံဉာဏ် လာတောင်းရင် မင်းတို့ ဘယ်က စလုပ်မလဲ" တဲ့။ အတန်းရဲ့ ပရော်ဖက်ဆာ (professor) က ကျောင်းသားတွေကို ဘာမှ မသင်ရသေးခင် စမေးခွန်းထုတ်လိုက်တာပါ။ ကျောင်းသားအားလုံး တွေဝေသွားပါတယ်။ ဘယ်ကစလုပ်မလဲ။ တကယ်တော့ အဲဒီနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ ဘယ်အနေအထားမှာ ရှိသလဲ၊ အဲဒီနိုင်ငံရဲ့ သမိုင်းလမ်းကြောင်းကဘာလဲ၊ ဆိုတာ အနည်းဆုံးတော့ သိရမယ် ဆိုတာ အတန်းပြီးတော့ သဘောပေါက် လာပါတယ်။ ကဲ အဲဒီ နိုင်ငံရဲ့ စီးပွားရေး အနေအထား ဘယ်အခြေနေမှာ ရောက်နေတယ် ဆိုတာတော့ သိပါပြီတဲ့။ ဘာဆက်လုပ်ကြမလဲ။ ဒီအပိုင်းကတော့ သိပ်လွယ်မယ့်ပုံ မပေါ်ပါ။


နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာမှာ ခေတ်အလိုက် အများလက်ခံကျင့်သုံးကြတဲ့ ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီတွေ ပေါ်ထွက်လာပါတယ်။ သီအိုရီ တစ်ခုဟာလည်း အလုပ်ဖြစ်သရွေ့သာ သက်တမ်းရှည်ပါတယ်။ ပြီးတော့ သီအိုရီတွေဟာ ကာလ (time)၊ ဒေသ (space) ပေါ်မှာ မူတည်ပြီး အလုပ်ဖြစ်တတ်ပါတယ်။ ဥပမာ မာကင်တိုင်ဝါဒဟာ (Mercantilism) ၁၈ ရာစုမှာ အစောဆုံးစက်မှု ဖွံ့ဖြိုးတဲ့ ဥရောပနိုင်ငံတွေ အတွက်သာ အကျိုးရှိပြီး အဆင်ပြေပါတယ်။ စီးပွားရေး ဖွင့်ပေးခြင်း (economic liberalization) ဟာလည်း တိုင်းပြည်တစ်ပြည်ရဲ့ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းပေါ်မှာ မှုတည်ပြီး လုပ်တိုင်းမကောင်းပါဘူး။


ဒါ့ကြောင့် ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီ အားလုံးကို လေ့လာကြရပါတယ်။ ဘယ်သီအိုရီဟာ ကိုယ့်နိုင်ငံနဲ့ ဘယ်အချိန်မှာ အဆင်ပြေမယ်ဆိုတာ တွက်ချက်ပြီး အသုံးချရပါတယ်။ ဒါ့အပြင် အဲဒီ သီအိုရီတွေရဲ့ ဖြစ်ထွန်းပေါ်ပေါက်လာပုံကိုလည်း သိဖို့လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ Susan Strange ပြောခဲ့သလို သမိုင်းကိုဘက်လိုက်တတ်ကြလို့ပါ။ သမိုင်းဆရာတွေ သူတို့လိုရာ ဆွဲတွေးတတ်ကြလို့ပါ။ ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီထုတ်တဲ့ ဂုရုတွေကလည်း အတူတူပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း သမိုင်းဆရာတပိုင်းမို့ပါ။


သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ သမိုင်းဘာကြောင့် သိသင့်သလဲဆိုတာကို ဖြေတဲ့ အဖြေလေးက တိုတိုတုပ်တုပ်နဲ့ ထိမိလွန်းပါတယ်။ မ အ အောင်လို့ တဲ့။ မအဖို့၊ အလိမ်မခံရဖို့ သမိုင်းကို သိသင့်ပါတယ်။ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ရာမှာလည်း မအဖို့ အလွန်အရေးကြီး နေပါတယ်။ မဟုတ်ရင်ပိုလို့ နောက်ကျကျန်ခဲ့မှာ မို့လို့ပါ။ ဒါကြောင့် နောက်ဆုံးပေါ် သီအိုရီတွေ၊ နည်းပညာတွေ သိဖို့လိုသလို ဘာကြောင့် ဒီသီအိုရီတွေပေါ်ထွက် သုံးစွဲလာတယ်ဆိုတာလဲ သိဖို့လိုပါတယ်။


ဆရာဦးအောင်သင်းရဲ့ "စာပေသည် နိုင်ငံ၏ မှတ်တမ်းလည်းဖြစ်သည်။ လမ်းညွှန်လည်း ဖြစ်သည်။" ဆိုတဲ့ နေရာမှာ အမျိုးသားရေး စာပေအပြင် ဘာသာပြန်စာပေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ထည့်မပြောသော်လည်း ပါသည်ဟု ထင်ပါတယ်။ မြန်မာပြည်အတွင်း ခေတ်မီအသိပညာများကို ဘာသာပြန် လက်ဆင့်ကမ်းလေ့ရှိသော ဆရာကြီးများ ရှိပါတယ်။ မောင်စူးစမ်း၊ ကျော်ဝင်း၊ ဘောဂဗေဒ ခင်မောင်ညို၊ ကိုတာ နှင့် အခြားဆရာကြီးများ စွမ်းစွမ်းတမံ ဘာသာပြန်ခဲ့ကြ၊ ပြန်နေကြဆဲ ဖြစ်ပါသည်။ ကျွန်တော်လည်း ပုံတောင်တောင်ကြားကနေပြီး ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီများ နှင့် သူတို့ရဲ့ ဖြစ်ထွန်းပေါ်ပေါက်လာပုံများ၊ အကျိုးကျေးဇူးများနဲ့ ဆိုးကျိုးများကို လက်လှမ်းမီသလောက် ဉာဏ်မီသလောက် အသေးစိတ် ဆက်ရေးသွားပါမယ်။


ကျွန်တော်ရေးတဲ့ စာများနှင့် ပတ်သက်လို့လည်း အပြုသဘောဆောင်တဲ့ ဝေဖန်မှုများကို လက်ခံကြိုဆိုပါတယ်။ လူတိုင်း အမှားနဲ့ မကင်း ဆိုသလို ကျွန်တော်လည်း မှားတဲ့ အတတ်ကို တတ်ပါတယ်။ ဒါပေမယ့် အမှားတစ်ခုတည်းကို အကြိမ်ကြိမ် မလုမ်မိဖို့ ကျွန်တော် ကြိုးစားသွားပါမယ်လို့ ပြောရင်း နောက်တကြိမ်မှာ ပြန်ဆုံကြမယ်လေ။


လင်းမိုးဝေ

လူဝင်စားတွေရဲ့ နိုင်ငံရေးတွေးဆချက် (၂)

အလက်စန္ဒြား လစ်ဗင်နင်ကို ဆိုတဲ့ လူတယောက်ကို မှတ်မိကြလိမ့်မယ် နဲ့ တူတယ်။ သူဟာ ရုရှားပြည်ပြေး ဂျာနယ်လစ် တယောက်ဖြစ်တယ်။ သူဟာ ဗြိတိန်အစိုးရရဲ့

 MI (5) နဲ့ MI (6) နဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့သူတဦးဖြစ်သလို၊ ပူတင် ကို အာခံဆန့်ကျင်သူတဦးဖြစ်တယ်။

သူ့ရဲ့ Blowing Up  the Russia စာအုပ်အဆိုအရ- ၁၉၉၉ မှာ ဖြစ်ပွားခဲ့တဲ့ မော်စကိုမြို့ဆီက လူနေတိုက်ခန်းတွေကို ဗုံးခွဲတိုက်ခိုက်မှုဟာ ချင်ခြင်းညှာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်မဟုတ်ဘူး။ ပူတင် ရဲ့ FSB ထောက်လှမ်းရေးတွေက ကြံစည်ခဲ့တာဖြစ်တယ်။ ရုရှားပြည်ထောင်စုမှာ ခိုင်မာတဲ့ခေါင်းဆောင်တယောက် မရှိမဖြစ် လိုအပ်တယ် ဆိုတာကို ပြသဖို့အတွက် ချင်ခြင်းညှာစစ်ပွဲကို ဖန်တီးတာဖြစ်တယ် လို့ စွပ်စွဲတိုက်ခိုက်ခဲ့တယ်။ လန်ဒန်မြို့မှာ ရုရှားနိုင်ငံရေးနဲ့ပတ်သက်တဲ့စာတွေရေးရင်း၊ MI (5) နဲ့ MI (6) ထောက်လှမ်းရေးတွေကို အကြံပေး လုပ်ကိုင်နေရင်း ၂၀၀၆ ခုနှစ်မှာ ထူးခြားဆန်းကြယ်စွာဖျားနာတဲ့ဝေဒနာခံစားလာရတယ်။ နောက်မှာ ရေဒီယို သတ္တိကြွတဲ့ အဆိပ် နဲ့ တိုက်ခိုက်ခံလိုက်ရပြီ ဆိုတာကို သဘောပေါက်လိုက်တယ်။  ရုရှားနိုင်ငံရေးကို လေ့လာသူအများစုကတော့ ပူတင် ရဲ့ ထောက်လှမ်းရေးတွေက လန်ဒန်မြို့မှာ သူ့ကို အဆိပ်ခပ်လုပ်ကြံခဲ့တာလို့ ယုံကြည်ကြတယ်။ 

ရုရှားပြည်ထောင်စုရဲ့ သမ္မတဟောင်းတဦးဖြစ်သူ ဘောရစ်ယဲ့ဆင် လက်ထက်တုံးက စီးပွားရေးအကြံပေးတွေ နဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်သူတွေကို လေ့လာကြည့်ပါ။

ဗလာဒီယာ ပေါတန်နင်  Vladimir Olegovich Potanin ဆိုသုက ဂျော့ဆိုးရော့စ် ( OSI ) နဲ့ နီးစပ်သူတဦးဖြစ်ပြီး၊ ဘာရက်ဇော့စကီ တို့အုပ်စုနဲ့ အားပြိုင်ခဲ့ကြတယ်။ ဘာရက်ဇော့စကီက ဗလာဒီမီယာ ပူတင် ကို ယဲ့ဆင် ရဲ့ မိသားစုအတွင်းစီးထဲမှာ ခေါ်သွင်းဖို့ အကြံပေးခဲ့သူတဦးဖြစ်တယ်။

အနောက်ဘက်ကို တိမ်းညွှတ်တဲ့ အုပ်စုကလည်း ယဲ့ဆင် ရဲ့ ဒုတိယအကြိမ်သမ္မတရွေးကောက်ပွဲမှာ အမေရိကန်ပြည်ထောင်စု က ကန်ပိန်းမန်နေဂျာတွေကို ခေါ်ယူလာပြီး၊

ယဲ့ဆင် သာ ရှုံးနှိမ့်ခဲ့မယ် ဆိုရင်၊ ရုရှားမှာ ကွန်မြူနစ်အာဏာရှင်တွေ ပြန်လည်ပေါ်ပေါက်လာမယ် ဆိုတဲ့ ကြွေးကြော်သံတွေ နဲ့ စတင်လိုက်တယ်။ သမ္မတ ရွေးကောက်ပွဲမှာ ယဲ့ဆင် ကို အဓိက စိန်ခေါ်နေသူက ကွန်မြူနစ်ပါတီခေါင်းဆောင်တဦးဖြစ်နေတဲ့အတွက် အဲ့ဒီ ကြွေးကြော်သံကို စတင်လိုက်ကြတာဖြစ်တယ်။ ဗလာဒီမီယာ ပူတင် က အတွင်းစည်းထဲမှာ ငြိမ်ငြိမ်လေးရွေ့နေတယ်။ သူက အမျိုးသားရေးဝါဒီ တဦးဖြစ်တယ်။

 ကြီးမြတ်တဲ့ ရုရှားပြည်ထောင်စု ကို ပြန်လည်တည်ထောင်ချင်သူ။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားခြင်းဟာ ကြေကွဲစရာကောင်းတဲ့ ပထဝီဝင်နိုင်ငံရေးအပြောင်းအလဲ တခုအဖြစ် ယုံကြည်နေသူ။

ကြားဖြတ်ပြီး နှိုင်းယှဉ်စဉ်းစားကြည့်ရအောင်

ရိုလင်ဂျာပြဿနာ၊ နောက်ကြောင်းပြန်မလှည့်ပါဘူး ဆိုတဲ့ အသံမဲ့အဆိပ်များ နဲ့  လူတန်းစားကွာဟမှုများ---

ချင်ချင်းညှာပြဿနာ၊ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲအတွက် ယဲ့ဆင် အုပ်စုရဲ့ ကြွေးကြော်သံများ နဲ့ စီးပွားရေး မျိုးဖြုတ်သတ်ဖြတ်မှုများ

အမျိုးသားရေးကို သစ္စာဖောက်နေတဲ့ အုပ်စုဟာ ဘယ်အုပ်စု လို့ ထင်ပါသလဲ

လွတ်လပ်တဲ့အာရှအသံမှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။

 

 

သောတရှင်များခင်ဗျား

 

ဘောရစ် ဘာရက်ဇ်ဇော့စကီ ဆိုတာ လန်ဒန်မြို့ဆီက ရုရှားပြည်ပြေးများအဝန်းအဝိုင်းမှာ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။  ရုရှားခေါင်းဆောင် ပူတင် က သူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ဖမ်းဆီးအရေးယူဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ဗြိတိန်အစိုးရက အကာအကွယ်ပေးနေမှု့ကြောင့် မအောင်မြင်ခဲ့ပါဘူး။ သူဟာ ရုရှားပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတဖြစ်လာခဲ့သူ ဘောရစ်ယဲ့ဆင်ရဲ့အတွင်းစည်းက လူတယောက်ဖြစ်ပြီး ယဲ့ဆင် ရဲ့ သမ္မတသက်တမ်းကာအတွင်းမှာ သူ့ရဲ့ သြဇာအာဏာမြင့်တက်ခဲ့ပါတယ်။ တိုင်းပြည်ပိုင် ဆစ်ဖ်နက် ရေနံကုမ္မဏီ ကို ပုဂိလိက ပိုင်ဆိုင်မှုလုပ်လိုက်တဲ့ အကျိုးအမြတ်တွေကို မြိုးမြိုးမျက်မျက်ရခဲ့သလို၊ channel one မီဒီယာမှာ အဓိကရှယ်ယာပါဝင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ ဒူးမားလွှတ်တော်ထဲမှာလည်း အာဏာတည်ဆောက်ခဲ့တဲ့ ဘာရက်ဇော့စကီ ဟာ ဗလာဒီမီယာ ပူတင်ကို အခွင့်ထူးခံစီးပွားရေးသမားတွေရဲ့ မိသားစုအတွင်းစည်းထဲမှာ လမ်းဖွင့်ပေးလိုက်ပါ ဆိုတဲ့ အကြံကို ပေးခဲ့သူတဦးဖြစ်ပါတယ်။ မကြာခင်မှာပဲ ပူတင် ရဲ့ ညီညွတ်သောရုရှားပါတီကို ဖွဲ့အစည်းဖို့အတွက် နည်းပေါင်းစုံထောက်ပံ့ကူညီပေးခဲ့ပါတော့တယ်။ ဒါပေမဲ့ ၂၀၀၀ ခုနှစ်ရွေးကောက်ပွဲမှာ ပူတင် အနိုင်ရပြီးကတည်းက သူနဲ့ ရုရှားသမ္မတ ပူတင်ကြားမှာ ပြဿနာတွေ စတင်လာခဲ့ပါတယ်။ သူတို့မျှော်လင့်ခဲ့တဲ့ ပူတင်ဟာ အာဏာရှင်လမ်းကြောင်းကို ပြန်လည်ခင်းကျင်းလိုက်တာကြောင့် အနာဂတ်ရုရှားအစိုးရသွားမဲ့ အနာဂတ်နိုင်ငံရေးကို လက်မခံနိုင်ဘူး လို့ ပြောဆိုကာ ဒူးမားလွှတ်တော်က ထွက်လိုက်ပြီး ပူတင်ကို စတင် ဝေဖန်ခဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ ပြည်ပြေးတယောက်ဖြစ်ခဲ့ပါတော့တယ်။ 

 

 

ယဲ့ဆင်လက်ထက်မှာ ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းကနေ ဈေးကွက်စီးပွားရေးကို ဝုန်းကနဲ ခုန်ပြောင်းလိုက်တဲ့အခါ၊ တိုင်းပြည်ရဲ့ စီးပွားရေးတခုလုံးဟာ လက်တဆုပ်စာ စီးပွားရေးသမားတွေရဲ့ လက်ထဲကို ကျရောက်သွားတယ်။

တကယ်တော့ အဲ့ဒီ စီးပွားရေးသမားတွေဟာ ဂေါ်ဗာချော့ရဲ့ ပယ်ရီစတွိုက်ကာ လို့ ခေါ်တဲ့ စီးပွားရေးအဆောက်အဦတခုလုံးကို ပြန်လည်ပြင်ဆင်ခြင်း အယူအဆကို စတင်လိုက်ကတည်းက နိုင်ငံရေးကစားကွက်ကို အကွက်ရွေ့နိုင်ဖို့ ပြင်ဆင်ထားကြပြီးသားဖြစ်တယ်။

ဘောရစ် စကီ လည်း တယောက်အပါအဝင်ပေါ့။ သူတို့မှာလည်း ကေဂျီဘီဟောင်းတွေ ရဲ့ ကွန်ယက်တွေက ရှိနေတယ်။ ပြဿနာက စီးပွားရေးလုပ်ငန်းကို ပုံဖေါ်ဖို့အတွက်၊ ယဲ့ဆင် အစိုးရအကြံပေးအဖွဲ့တွေထဲမှာ အုပ်စုနှစ်စု အားပြိုင်နေတယ်။

အမေရိကန်ပြည်ထောင်စုက သန်းကြွယ်သူဋ္ဌေး တဦးဖြစ်သူ ဂျော့ဆိုးရော့စ် ကျောထောက်နောက်ခံပေးထားတဲ့ မူဝါဒရေးဆွဲသူက တစုဖြစ်ပြီး၊

 နောက်တစုကတော့ ဘောရစ် ဘာရက်ဇော့စကီ တို့ အုပ်စုဖြစ်တယ်။ ဂျော့ဆိုးရော့် ထောက်ခံပေးထားတဲ့ စီးပွားရေးပညာရှင်တချို့က မူဝါဒရေးဆွဲမှုတခုမှာ အနိုင်ရသွားတဲ့အခါမှာတော့ တဘက်နဲ့တဘက် အပြန်အလှန်တိုက်ခိုက်စွပ်စွဲကြတဲ့ မီဒီယာစစ်ပွဲကို စတင်လိုက်ကြတော့တယ်။

တိုင်းပြည်အကျိုးစီးပွားထက် အုပ်စုတိုင်းဟာ မိမိအဖွဲ့ရဲ့ ကိုယ်ကျိုးကိုသာ လုပ်နေကြတယ် လို့ စွပ်စွဲကြတော့တယ်။

ဂျော့ ဆိုးရော့်စ် ကတော့ ---

ရေတံခွန် ချောက်ကမ်းပါးဆီကို ဦးတည်မောင်းနေတဲ့ လှေတစင်းပေါ်မှာ တယောက်နဲ့တယောက်တိုက်ခိုက်နေကြတဲ့ လူတွေကို ကြည့်နေရသလိုမျိုးပါ လို့ စိတ်ပျက်လက်ပျက်မှတ်ချက်ချခဲ့တယ်။

အမျိုးသားအကျိုးစီးပွားရေးအတွက် အတူလက်တွဲလုပ်ကိုင်ကြမဲ့ စီးပွားရေးသမားတွေ မညီညွတ်ကြတဲ့အခါ၊ စေတနာမမှန်ကြတဲ့ နိုင်ငံရေးသမားတွေ နဲ့ ကြုံကြရတဲ့အခါ ရုရှားပြည်ထောင်စုဟာ သူ့ရဲ့ သွေးထွက်နေတဲ့ ဒဏ်ရာတွေကို ပျောက်ကင်းအောင် မကုစားနိုင်ခဲ့ကြဘူး လို့ ဆိုကြပါတယ်။

 

့ ရုရှားပြည်ထောင်စု ဟာ အဂတိလိုက်စားမှုနဲ့ခြစားအကျင့်ပျက်မှုတွေက ကြောက်မက်ဘွယ်ကောင်းလောက်အောင် နေရာယူလာခဲ့ပါတယ်။

 မာဖီးယား ဂိုဏ်းတွေကလည်း ဒုစရိုက်မှုလုပ်ငန်းတွေကို လက်ရဲဇက်ရဲကျူးလွန်ခဲ့ကြသလို၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေက အဆမတန်မြင့်တက်လာခဲ့တာကြောင့်၊ အစိုးရရဲ့ ဈေးကွက်ဈေးပွားရေးစံနစ်ဟာ သူတို့အပေါ် ဘယ်လိုအကျိုးကျေးဇူးရှိခဲ့ပါသလဲ ဆိုတဲ့ မေးခွန်းထုတ်မှုတွေ၊ ဆန္ဒပြပွဲတွေကလည်း ရုရှားပြည်ထောင်စု ရဲ့ နိုင်ငံရေးမုန်တိုင်းတွေကြားမှာ လူးလွန့်နေခဲ့ပါတယ်။ ဒါအပြင် ယဲ့ဆင်ဟာ မည်သူကိုမှမတိုင်ပင်ပဲ အစ္စလာမ် ခွဲထွက်ရေးသမားတွေဖြစ်တဲ့ ချက်ခြင်ညှာ စစ်သွေးကြွတွေ နဲ့ ရင်ဆိုင်နေရတဲ့ စစ်ပွဲကို ပြန်လည်စတင်လိုက်ပါတယ်။

 

တကယ်တော့  ပါလီမန်ထဲမှာလည်း ယဲ့ဆင်ကို ဖြုတ်ချချင်တဲ့ သူတွေက ဝေဖန်မှုတွေစတင်လာခဲ့တယ်။

ဒါ့အပြင် ရုရှားပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကလည်း ယဲ့ဆင်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အခက်အခဲတွေ့နေပါတယ်။

ဆိုဗီယက်ပြည်ထောင်စု မပြိုခွဲခင် ဂေါ်ဗာချော့ ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ဆိုဗီယက်ကွန်မြူနစ်တွေရဲ့ Congress of Deputies ဟာ  အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ထားသလိုမျိုးဖြစ်နေတယ်။ ဒီလူတွေဟာ ယဲ့ဆင် ကို ကောင်းကောင်းဒုက္ခပေးမဲ့သူတွေဖြစ်လာတယ်။   ဒါကြောင့် ယဲ့ဆင်ဟာ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရမယ် ဆိုတဲ့ ကြွေးကြော်သံကို စတင်လိုက်ပြီး ဆိုဗီယက်တွေရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ကို  ဖျက်သိမ်းပစ်ဖို့ကြိုးစားလိုက်တယ်။ သမ္မတ ရဲ့ လုပ်ပိုင်ခွင့်ကို ပိုမိုရရှိဖို့အတွက် လူထုဆန္ဒခံယူပွဲလုပ်ရမယ်။ လက်ရှိ ပါလီမန်ကို ဖျက်သိမ်းပစ်ရမယ် လို့ဆိုပြန်ပါတယ်။ ၁၉၉၃ ခုမှာတော့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အကြပ်အတည်းတွေကို ရင်ဆိုင်လိုက်ရပါတော့တယ်။ လမ်းမပေါ်မှာတော့ ယဲ့ဆင်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု ကျဆုံးခြင်းအပေါ် ဆန့်ကျင်ဝေဖန်တဲ့လူထုဆန္ဒပြပွဲတွေနဲ့အတူ ပါလီမန်ကာကွယ်ရေးလှုပ်ရှားမှုတွေကလည်း ရောက်ရှိလို့နေပါတော့တယ်။

 

ဘောရစ်ယဲ့ဆင် ရဲ့ နိုင်ငံရေးမိသားစုအဝန်းအဝိုင်းထဲက စီးပွားရေးသမားတွေကလည်း နောက်ထပ် ကစားပွဲတခုကို ပြင်ဆင်ခဲ့ကြပါတယ်။

 ဗလာဒီမီယာ ပုတင် အတွက် သူတို့ရဲ့ ကြွယ်ဝချမ်းသာတဲ့ စီးပွားရေးလုပ်ကိုင်ခွင့်တွေအပြင် နိုင်ငံရေစင်မြင့်တခုဆောက်တည်ပေးလိုက်ပါလို့ အကြံပေးလိုက်ပါတယ်။

ဒီလိုနဲ့ ဗလာဒီမီယာ ပူတင် ရဲ့ ညီညွတ်သောရုရှားများပါတီဟာ ကျောထောက်နောက်ခံကောင်းကောင်း နဲ့ ရုရှားနိုင်ငံရေးလောကဆီကို ခြေကုပ်ခွင့်ရခဲ့ပါတော့တယ်။ ဒါပေမဲ့ ယဲ့ဆင် ရဲ့ စီးပွားရေးသမားတွေထင်သလိုမျိုးဖြစ်မလာခဲ့ပါဘူး။ ပူတင်ဟာ ယ္ခင် စီးပွားရေးသမားဟောင်းတွေ ချုပ်ကိုင်ထားတဲ့ ရုရှားနိုင်ငံရေးကို တစချင်းဖယ်ရှားပစ်လိုက်ပြီး သူ့ခြေသူ့လက် ချုပ်ကိုင်လို့ရမဲ့ အာဏာရှင်လမ်းသစ်တခုကို ဖန်တီးလိုက်ပါတော့တယ်။ စီးပွားရေးသမားတွေကလည်း သူတို့ပိုင်တဲ့ မီဒီယာတွေက တဆင့် ပူတင် ရဲ့ လုပ်နည်းကိုင်နည်းတွေ ဟာ အာဏာရှင်စံနစ်ဆီကို ပြန်သွားနေတယ် လို့ ဝေဖန်ကြပါတော့တယ်။ ဗလာဒီမီယာ ပူတင်ဟာ စိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။ သိတ်မကြာခင်မှာပဲ လက်တဆုပ်စာ စီးပွားရေးသမားတွေက တိုင်းပြည်ခေါင်းဆောင်တယောက်အပေါ်စွပ်စွဲတိုက်ခိုက်နေမှုအပေါ် သည်းခံနိုင်မှာ မဟုတ်ဘူး ဆိုတဲ့မိန့်ခွန်းနဲ့အတူ၊ ယဲ့ဆင်လက်ထက်က သြဇာကြီးမားခဲ့တဲ့ ဘောရစ် ဘာဇော့စကီ လို လူတွေက အစ ဖမ်းဆီးဖို့ ပြင်ဆင်လိုက်ပါတယ်။ မီဒီယာတွေကိုလည်း အစိုးရပိုင်မီဒီယာတွေဖြစ်လာအောင် ပြောင်းလဲပစ်လိုက်ပါတယ်။

ဒီလို နဲ့ ရုရှားပြည်ထောင်စုမှာ နောက်ထပ် အာဏာရှင်တယောက်ပေါ်ပေါက်လာခဲ့ပါတော့တယ်။

by Aung Moe Win 

မူရင်းဆောင်းပါး

https://www.facebook.com/aung.m.win.3#!/notes/aung-moe-win/%E1%80%9C%E1%80%B0%E1%80%9D%E1%80%84%E1%80%B9%E1%80%85%E1%80%AC%E1%80%B8%E1%80%B1%E1%80%90%E1%80%BC%E1%80%9B%E1%80%B2%E1%82%95-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8%E1%80%B1%E1%80%90%E1%80%BC%E1%80%B8%E1%80%86%E1%80%81%E1%80%BA%E1%80%80%E1%80%B9-%E1%81%82/473933579293715


ဈေးကွက်နဲ့ အစိုးရရဲ့ အခန်းကဏ္ဍ (ဝါ) နိုင်ငံရေးဘောဂဗေဒ

"နောက်တကြိမ်မှာ ပြန်ဆုံကြမယ်လေ" လို့ ပြောပြီး ပျောက်နေခဲ့တာ ၄ လလောက်တောင် ရှိရောပေါ့။ ပို့စ်မတင်နိုင်တဲ့ ကျွန်တော့်ဘက်ကနေပြီး ပုံတောင် ပရိတ်သတ်ကို အားနာစရာကောင်းနေပါပြီ။ ပြီးတော့ ပုံတောင် ဝိုင်းတော်သားတွေကိုလည်း မျက်နာပူလှပါပြီ။ ဒီတစ်ခါတော့ နိုင်ငံရေးဘောဂဗေဒ အကြောင်း စပြောရအောင်ပါ။

နိုင်ငံရေး ဘောဂဗေဒ ဆိုတာ ဘယ်လို ဘာသာရပ်မျိုးလဲ ဆိုတာ မသိသေးတဲ့ စာဖတ်သူတို့ သိချင်ကြပါလိမ့်မယ်။ သိချင်တယ်ပဲ ဆိုပါစို့ (ဇွတ်ကြီးပါလားနော်)။ ဘောဂဗေဒ/စီးပွားရေး (economics) နဲ့တူသလား။ နိုင်ငံရေးသိပ္ပံ ဘာသာရပ် (political science) ရဲ့ အခွဲတခုလား။ ဘယ်လို ကိစ္စ၊ အကြောင်းအရာတွေကို လေ့လာတာလဲ စသဖြင့်ပေါ့။

 

ကျွန်တော် ကိုယ်တိုင်လည်း အစက ဘာမှန်းမသိပဲ ယူလိုက်တာပါ။ ဘာမှန်းမသိဘူးဆိုပေမယ့်

သင်ရမယ့် အကြောင်းအရာတွေတော့ သိတာပေါ့လေ။ အောက်ပါ အကြောင်းအရာတွေ၊ မေးခွန်းတွေကို စိတ်ဝင်စားရင်တော့ စာဖတ်သူတို့လည်း နိုင်ငံရေးဘောဂဗေဒကို စိတ်ဝင်စားပါလိမ့်မယ်။ ကျွန်တော်လည်း အဲဒါတွေ သိချင်လို့ စီးပွားရေး ဘာသာရပ်မဟုတ်ပဲ ဒီဘာသာကို လေ့လာဖြစ်ခဲ့တာပါ။

 

အကြောင်းအရာ တချို့ကတော့

* မြင့်မားလာတဲ့ သုံးစွဲမှု (rising consumer demand) နဲ့ အရင်းအမြစ်လျော့နည်းလာမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုတို့ကို လျော့ချရေးတို့ အကြား လွန်ဆွဲမှုကို ဘယ်လို ဖြေရှင်းမလဲ။

* အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ အခြားနိုင်ငံရေးဘောဂဗေဒ စနစ်တို့ အကြား ဦးတည်ချက်၊ မျှော်မှန်းချက် ကွာခြားမှုတွေက ဘာတွေလဲ။

* ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့၊ အာဏာရှင်စနစ်တို့ရဲ့ ဦးစားပေးဆောင်ရွက်ပုံ ကွာခြားချက်တွေက ဘာတွေလဲ။

* ကမ္ဘာ့နိုင်ငံတွေ အပြန်အလှန် အမှီသဟဲ ပြုနေကြတော့ နိုင်ငံတွေရဲ့ အစိုးရတွေက သူတို့ရဲ့ ပြည်တွင်းအလုပ်လက်မဲ့ အရေး၊ ငွေကြေးဖောင်းပွမှု ကိစ္စ၊ ကုန်သွယ်ရေး လိုငွေပြမှု၊ လူမှုဖူလုံရေး ကိစ္စတွေကို ဖြေရှင်းရာမှာ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲ။

အဲဒါတွေကတော့ နိုင်ငံရေး ဘောဂဗေဒ ဘာသာရပ်ရဲ့ မေးခွန်းတချို့ပါ။ စာဖတ်သူတော့ မသိဘူး။ ကျွန်တော် ကတော့ တော်တော်ကျယ်ပြန့်တယ်လို့ အမြဲခံစားရပါတယ်။ ဒါပေမယ့် အခုထိ စာဆန်နေပါသေးတယ်။ အရပ်စကားနဲ့ ပြောနိုင်အောင် ကျွန်တော် ကြိုးစားကြည့်မယ်။ သမိုင်းကောက်ကြောင်းကို ပြန်လိုက်ရင်းနဲ့ပေါ့။ အဲဒီတော့ လက်ရှိ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ လူအဖွဲ့အစည်းကနေ ခဏခွါမယ်၊ ကျောက်ခေတ်လူသားဘဝကို ပြန်သွားကြည့်ကြရအောင်။

လူရယ်လို့ ဖြစ်လာတော့ ကျွန်တော်တို့မှာ စား၊ဝတ်၊နေ ရေးဆိုတဲ့ လူတွေ အသက်ရှင်သန်နိုင်ဖို့ အခြေခံ လိုအပ်ချက်တွေရှိပါတယ်။ ဒါပေမယ့် ကျောက်ခေတ်တုန်းက ဘာဥပဒေမှ မရှိ၊ အုပ်ချုပ်သူလူတန်းစားမရှိ၊ အစိုးရမရှိပဲ နေကြတယ် ဆိုပါတော့။ အဲဒီတော့ အခြေခံလိုအပ်ချက်တွေ အတွက် လုကြယက်ကြ၊ သတ်ကြဖြတ်ကြပေါ့။ (တိရိစ္ဆာန်နဲ့ အလားတူပဲ) ကြီးနိုင်ငယ်ညှင်း လုပ်ကြတာပေါ့။ အဲဒီ အခြေအနေကို ပုံမှန် သဘာဝအနေအထား (state of nature) လို့ သောမတ်စ်ဟောပ့် (Thomas Hobbes) က ပြောပါတယ်။ လူတွေအားလုံး တစ်ယောက်ကို တစ်ယောက် ဆော်ပလော်တီးနေကြတဲ့ ခေတ်ကြီးပေါ့၊ "war of every man against every man" တဲ့။ အဲဒီတော့ အုပ်ချုပ်သူရှိမှ လူ့ဘောင်လောကကြီး အေးချမ်းမယ်၊ အရှည်တည်တံ့မယ်၊ စားဝတ်နေရေးအတွက် သတ်ကြဖြတ်ကြတာတွေ ပျောက်ကွယ်သွားမယ်လို့ ဟော့ပ်ကဆိုပါတယ်။ ဂျွန်လော့(က်) (John Locke) တို့၊ ရူးဆိုး (Rousseau) တို့ ပြောထားတာတွေကို ကျော်လိုက်မယ်။ အစိုးရတစ်ရပ်ရှိတဲ့အဆင့်ရောက်သွားပြီ။ လူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်လိုက်နိုင်ပြီ။ ဘယ်လို အစိုးရပုံစံပဲ ဖြစ်ဖြစ်ပေါ့။

ဒီလိုနဲ့ နိုင်ငံရေးဘောဂဗေဒ ဆိုတဲ့ အသုံးအနှုန်းဟာ ၁၈ ရာစုမှာ စတင်ပေါ်ပေါက်လာတယ်ပဲ ဆိုပါစို့။ ဆိုပါစို့လို့ ပြောရတဲ့ အကြောင်းရင်းက ခေတ်ဟောင်း နိုင်ငံရေးဘောဂဗေဒ (Classical Political Economy) ကို လေ့လာရာမှာ Hobbes အရင် ၁၆ ရာစု အစောပိုင်းက မာခီဗယ်လီ (Machiavelli) ရေးတဲ့ "The Prince" က စလို့ပါ။ အုပ်ချုပ်သူ မင်းသားဟာ (တရားဥပဒေ အရမဟုတ်ပဲ) အတင်းအဓမ္မ အင်အားသုံး အုပ်ချုပ်မှသာ နိုင်ငံရေး တည်ငြိမ်မယ်၊ အာဏာတည်မြဲမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အုပ်ချုပ်ချုပ် အာဏာတည်မြဲချင်ရင်တော့ အုပ်ချုပ်ခံ ပြည်သူတွေရဲ့ ဥစ္စာဓနကိုတော့ သွားမထိနဲ့လို့ မာခီဗယ်လီက ပြောထားပါတယ်။

ကဲ ၁၈ ရာစုပဲ ပြန်လှည့်ရအောင်ပါ။ ဘောဂဗေဒ/စီးပွားရေး ဆိုတဲ့ အသုံးဟာ ဂရိဘာသာက ဆင်းသက်လာတာပါ။ အိုးအိမ်ခန့်ခွဲမှု (household management) လို့ ဆိုပါတယ်။ လူတို့ရဲ့ လိုအပ်ချက်တွေကို မိသားစုဝင် အချင်းချင်း၊ အမျိုးအချင်းချင်း၊ လူမျိုးနွယ်စု (tribe) ဝင် အချင်းချင်း ရိုင်းပင်းဖြေရှင်းကြတာမျိုးပါ။ ၁၈ ရာစုကစခဲ့ပြီး လက်ရှိသုံးနေတဲ့ ဘောဂဗေဒ သဘောတရားကတော့ သွေးမတော် သားမစပ်တဲ့ အိုးအိမ် မိသားစုတွေအကြား လူတို့ရဲ့ လိုအပ်ချက်တွေကို အပြန်အလှန် ဖြေရှင်းနိုင်ကြတဲ့ စံနစ်မျိုးပါ။ နိုင်ငံရေးဘောဂဗေဒ (ဝါ) နိုင်ငံရေးဆိုင်ရာ စီးပွားရေး ကတော့ အုပ်ချုပ်ရေးပိုင်း၊ အစိုးရပိုင်းက စီးပွားရေးရာ ကိစ္စတွေမှာ ဝင်ရောက်စီမံခန့်ခွဲခြင်းလို့ ဆိုနိုင်ပါတယ်။ အုပ်ချုပ်ခံ ပြည်သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေကို ပြည့်မှီအောင် ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ် ဆိုတဲ့ သဘောပါ။ (အခုခေတ်မှာတော့ အဲဒီအခြေခံလိုအပ်ချက်ဆိုတာတွေထဲမှာ ရေ၊ မီး၊ လောင်စာဆီ လုံလုံလောက်လောက် ရရှိရေး၊ ပညာရေး ပံ့ပိုးမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှု၊ အလုပ်အကိုင် ဖန်တီးပေးရေး၊ စိုက်ပျိုးရေးကဏ္ဍမှာ ထောက်ပံ့ကြေးပေးရေး၊ သုတေသနကို ထောက်ပံ့အားပေးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတာတွေပါ ပါဝင်နေတယ်လို့ဆိုနိုင်ပါတယ်။) ဒါပေမယ့် အစိုးရက ဘယ်လောက် အတိုင်းအတာထိ ဝင်ရောက်ဆောင်ရွက်သင့်တယ် ဆိုတာကတော့ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်ရဲ့ အမြဲတမ်း ငြင်းခုန်နေရတဲ့ ကြီးမားတဲ့ ပြဿနာ တစ်ရပ်ပါ။ (ကိုယ်သန်ရာ၊ နှစ်သက်ရာ က ကြည့်တဲ့ရှုထောင့်တွေအပေါ်မှာ မူတည်ပြီး အဖြေအမျိုးမျိုး ကွဲပြားနိုင်လို့ သတ်သတ်မတ်မတ်အဖြေတချို့ကို ဒီနေရာမှာ ပေးမထားပါ၊ စာဖတ်သူတို့ ကိုယ်ကြိုက်သလို ယူဆဖို့နဲ့ စဉ်းစားဖိုအတွက့် လေ့ကျင့်ခန်းပါ။ ဥပမာ ဒီနေရာမှာ အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ် စနစ်တို့ကြား ကွားခြားပုံကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။)

ခေတ်ဟောင်း နိုင်ငံရေးဘောဂဗေဒဟာ ၁၈ ရာစုနှောင်းပိုင်းနဲ့ ၁၉ ရာစု အစောပိုင်းတွေမှာ အဒမ်စမစ် (Adam Smith) တို့၊ ဒေးဗစ်ရီကာဒို (David Ricardo) တို့က စတင်ခဲ့ပါတယ်။ သူတို့က စီးပွားရေးမှာ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကို အနည်းဆုံးထိလျော့ချဖို့ ပြောလာပါတယ်။ ဈေးကွက်က သူ့အလိုလို လူတို့လူအပ်နေတဲ့ ကုန်ပစ္စည်းတွေကို အဆင်ပြေချောမွေ့စွာ ထုတ်လုပ်၊ ရောင်းချ၊ ဝယ်ယူနိုင်တယ်။ အဲဒါကို အင်္ဂလိပ်လို (Self-Regulating Market) လို့ ခေါ်ပါတယ်။ (Laissez-Faire) လို့လဲ ပြောပါတယ်။ အများပြည်သူတို့ အတူတကွ အကျိုးရှိစေတဲ့ (public goods) တွေဖြစ်တဲ့ ပညာရေး၊ နိုင်ငံကာကွယ်ရေး (national defense) စတာတွေကလွဲလို့ ကုန်ထုတ်လုပ်မှုမှာ၊ ကုန်သွယ်ရေးမှာ၊ စိုက်ပျိုးရေးမှာ အစိုးရဝင်ရောက် စွက်ဖက်မှာ မလိုလားတဲ့ သဘောပါ။ ဒီလိုပြောရတာ သူတို့မှာလည်း အကြောင်းရှိပါတယ်။ အဓိက က အကျိုးမများတာ၊ စွမ်းဆောင်ရေမကောင်းတာ် (inefficient)ရယ်၊ ပြီးတော့ ဆွေစဉ်မျိုးဆက် မြေပေါ်ခွထိုင်ပြီး ဘာမှ မယ်မယ်ရရ အလုပ်မရှိတဲ့ မြေပိုင်ရှင်တွေရဲ့ အကျိုးကို နိုင်ငံရေးမှာ မျက်နှာသာရ ကာကွယ်ပေးထားလို့ပါ။ Corn Laws လို့ခေါ်တဲ့ ကောက်ပဲသီးနှံမျိုးစုံကို ဈေးချိုချိုသွင်းလို့ရတဲ့ နိုင်ငံခြားသီးနှံသွင်းကုန်တွေ ရဲ့ယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးထားလို့ပါ။ ဒီဟန့်တားမှုကြောင့် တစ်ခြားနိုင်ငံတွေကိုလည်း အင်္ဂလန်ရဲ့ စက်မှုထုတ်ကုန်တွေ လွတ်လွတ်လပ်လပ် တင်ပို့လို့ မရတော့ဘူးလေ။ ဒီလိုနဲ့ စားသုံးသူတွေ၊ စွန့်စွန့်စားစား တီထွင်လုပ်ကိုင်ရတဲ့ စက်မှုလုပ်ငန်းပိုင် အရင်းရှင်တွေ နစ်နာနေလို့၊ ကုန်ကုန်ပြောရရင် နိုင်ငံတခုလုံး အတိုင်းအတာနဲ့ပါ နစ်နာနေလို့ပါ။

ဒီဘက်ခေတ်မှာတော့ ခေတ်ဟောင်း နိုင်ငံရေး ဘောဂဗေဒဟာ စီးပွားရေး ဘာသာရပ် (Economics) အသွင်ပြောင်းသွား ပါတယ်၊ တနည်းပြောရရင် ဘောဂဗေဒ လို့ ပြောင်းခေါ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရမှာ လူတို့ရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ စီးပွားရေးရာတွေမှာ စီမံခန့်ခွဲပေးဖို့ ဘာမှတာဝန်မရှိတော့လို့ပါ။ စီပွားရေးနဲ့ နိုင်ငံရေးကို ခွဲခြားဆက်ဆံဖို့ပါ။ (နယ်နိမိတ် ကန့်သတ်ပြောဆိုဖို့ကတော့ တော်တော်လေး ခဲယဉ်းပါတယ်။ ဒီအတိုင်းပဲ ထားလိုက်ပါ။) အဲဖရက် မာရှယ် (Alfred Marshall) ခေတ်မှာ (၁၈၄၂ – ၁၉၂၄) တော့ လူ့ကျင့်ဝတ်ဆိုင်ရာ ဒဿနိကဗေဒ (Moral Philosophy)၊ သမိုင်းဘာသာ နဲ့ ဥပဒေပညာ တို့အောက်က ခွဲထွက်ပြီး စီးပွားရေး ဘာသာရပ်ကို ဌာနတစ်ခုအနေနဲ့ ကိန်းဘရစ်တက္ကသိုလ်မှာ သီးသီးသန့်သန့် စထောင်နိုင်ခဲ့ပါတယ်။ စီးပွားရေး သက်သက် စဉ်းစားဖို့ ဆိုပါတော့။

ဒါပေမယ့် နှစ်ဆယ်ရာစု အစပိုင်းမှာတော့ ခေတ်ဟောင်း စီးပွားရေးပုံစံ (Classical approach) ဟာ မဟန်ပြန်ပါဘူး။ ပြီးတော့လည်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက် ကစပြီး လူမှုရေးသိပ္ပံ ပညာရှင်တွေက စီးပွားရေးနဲ့ နိုင်ငံရေးဟာ သီးသီးသန့်သန့်ကြီး ခွဲထားလို့ မရစကောင်းဘူးလို့ ပြောလာပါတယ်။ တချို့ကလည်း ကားမတ်(စ်) (Karl Marx) အဆိုကို ထောက်ခံကြပါတယ်။ တကယ်တော့ ကားမတ်(စ်) ကလည်း ခေတ်ဟောင်း အုပ်စု ထဲမှာ ပါပါတယ်။ သူကလည်း အရင်းရှင်စီးပွားရေးနဲ့ နိုင်ငံရေးဟာ သိပ်ပတ်သက်လွန်းတယ်လို့တော့ မထင်ပါ။ ဒါပေမယ့် သူထောက်ပြတာက အရင်းရှင်စီးပွားရေး စနစ်ထဲကပဲ အားကောင်းတဲ့ နိုင်ငံရေး အုပ်စုတွေ (ဥပမာ အရင်းရှင်တွေ၊ ကုန်ထုတ်လုပ်မှု စက်ပစ္စည်း ပိုင်ဆိုင်သူတွေ) ပေါ်ထွက်လာပြီး အုပ်ချုပ်ရေးမှာ ခြယ်လှယ်လာပြီး လူတန်းစားမညီမျှမှုအဆင့်ကို ရောက်လာတာမျိုးပါ။ ဒါကြောင့် သူက အရင်းရှင်စနစ်ဟာ ရေရှည်မှာ မတည်တံ့ပဲ ကျရှုံးမဲ့ စနစ်လို့ မြင်တာပါ။ ဒါပေမယ့် တကယ်တမ်း ရေရှည်မှာ အလုပ်မဖြစ်ပဲ ကျရှုံးခဲ့တာက ကွန်မြူနစ်နှင့် ဆိုရှယ်လစ် စီးပွားရေး စနစ်တွေပါ။ ရေတိုမှာတော့ အရမ်းအောင်မြင်ခဲ့ပါသေးတယ်။ ဥပမာ – ဆိုဗီယက် ပြည်ထောင်စုက အမေရိကန်ကို စပွတ်နစ် ဒုံးပျံလွှတ်တင်မှုနဲ့ ရှော့ရသွားစေခဲ့ပါတယ်။ စက်မှုဖွံဖြိုးရေးနဲ့ စီးပွားရေးကောင်းအောင် တည်ဆောက်ရာမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်က အရင်းရှင်စံနစ်ကို ကာလတစ်ခုအထိ ကျော်တက်သွားခဲ့ပါတယ်။

 

စီးပွားရေးမှာ အစိုးရ၏ အခန်းဂဏ္ဍများ အကြောင်း ရေးသားထားသော "The Commanding Heights" စာအုပ်ကို ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်

အဒမ်စမစ် (Adam Smith) က စပြီး အလံ တလွင့်လွင့် ထူနိုင်ခဲ့တဲ့ အရင်းရှင်စီးပွားရေးစနစ် ဟာ ပထမကမ္ဘာစစ် မတိုင်ခင်ထိပဲ ကောင်းကောင်းလည်ပတ်နိုင်ခဲ့ပါတယ်။ ကမ္ဘာစစ်ကြီးနှစ်ခုနဲ့ ဒုတိယ ကမ္ဘာစစ်ပြီး ကာလမှာ အစိုးရဝင်မပါပဲ နိုင်ငံတွေရဲ့ စီးပွားရေးတွေ မလည်ပတ်နိုင်တော့ပါဘူး၊ တနည်းပြောရရင် အရင်းရှင် စနစ်ဟာ ဘေးပယောဂ (အစိုးရ) မပါပဲ မလည်ပတ်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ ဈေးကွက်ပျက်သွားတဲ့ (Market failure) အချိန်မှာ အစိုးရက ဝင်ရောက် ကူညီဆောင်ရွက်ပေးဖို့၊ ယိမ်းယိုင်နေတဲ့ စီးပွားရေးကို လမ်းကြောင်းပေါ် ပြန်တည့်မတ်ပေးဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို အစိုးရက အိတ်စိုက်ပြီး ဖန်တီးပေးဖို့တွေကို ဂျွန် မေးနတ် ကိန်း (John Maynard Keynes) က တိုက်တွန်းပါတယ်။ သူရဲ့ ထင်ရှားတဲ့ အဆိုကတော့ ရေရှည်မှာ ငါတို့တွေ ရှိကြတော့မှာ မဟုတ်လို့ စီးပွားရေး ပြန်ကောင်းလိမ့် နိုးနိုး စောင့်မနေသင့်ဘူး လို့ ပြောချင်တဲ့ စကားလေး တစ်ရပ်ပါ။ "In the long run, we are all dead" တဲ့။ ဒါကြောင့် ပြည်သူတွေကို မသေခင် ထမင်းနပ်မှန်အောင် စားစေချင်ရင် အစိုးရက ဝင်ထိန်းပေးပါတဲ့။ (နောက်ဆုံး စာကြောင်းက ဇာတ်နာအောင် ကျွန်တော် လက်ဆော့ လိုက်တာပါ) ကိန်းရဲ့ အဆိုပြုချက်ဟာ လက်တွေ့ အသုံးဝင်ခဲ့ပါတယ်။ ကမ္ဘာ့ပြဿနာဖြစ်တဲ့ စီးပွားရေးကပ်ဆိုးကြီး (Great Depression) ကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ဖရန်ကလင်း ဒီ ရူးစ်ဘက် (Franklin D. Roosevelt) ရဲ့ အမေရိကန်နိုင်ငံမှာ အလုပ်အကိုင် ဖန်တီးပေးခြင်းပါ။ အမျိုးသား ဥယျာဉ် (national parks) တွေ၊ အဝေးပြေး ကားလမ်းမတွေ ဖောက်စေခဲ့ပြီး အလုပ်အကိုင် ဖန်တီးပေးခဲ့ရာက စီးပွားရေး ပြန်ဦးမော့လာတာပါ။ အမေရိကန်မှာတော့ ကိန်းရဲ့ လွှမ်းမိုးခဲ့ပုံက အမေရိကန်စီးပွားရေးဟာ ထိန်းချုပ်ကန့်သတ်ထားတဲ့ အရင်းရှင်စနစ် (Regulatory Capitalism) အနေနဲ့ ၁၉၇ဝ ပြည့်နှစ်တွေထိ ရှိခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ဒုတိယကမ္ဘာစစ်ပြီးလို့ အာရှတိုက်နိုင်ငံတွေ၊ လက်တင်အမေရိက နိုင်ငံတွေဟာ အရင်းရှင်စနစ်ကို လက်ခံဖို့ ကြောက်ရွှံ့ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအရတော့ လွတ်လပ်ရေးရခဲ့ပြီ၊ အလားတူပဲ စီးပွားရေးပိုင်းမှာလည်း အမှီအခိုကင်းတဲ့ ကိုယ်ပိုင် စီးပွားရေး ရပ်တည်ဖွံ့ဖြိုးမှုကို လိုလားလို့ပါ။ အရင်းရှင်စံနစ်ကျင့်သုံးတဲ့ ဥရောပနယ်ချဲ့နိုင်ငံတွေဟာ အရင်းရှင်စံနစ် အမည်ခံပြီး သူ့တို့ရဲ့ကိုလိုနီထဲသာ ဆွဲသွင်းခဲ့တယ်၊ လွတ်လပ်ရေးရလာတဲ့နိုင်ငံတွေဟာ ကိုလိုနီစံနစ်အောက်မှာ ဘာအကျိုးခံစားခွင့်မှ ရခဲ့တာ မဟုတ်ဘူးလေ။ နောက်တခုကလည်း လွတ်လပ်စ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာ စက်မှုဖွံ့ဖြိုးတဲ့ အရှင်းရှင်နိုင်ငံတွေကို သဘာဝ အရင်းအမြစ်တွေ ဈေးပေါပေါနှင့် ရောင်းရပြီး ဈေးကြီးတဲ့ သွင်းကုန်တွေကို ပြန်ဝယ်နေရတော့ လွတ်လပ်ရေးရဲ့ အနှစ်သာရဟာပြောက်ဆုံးနေသလိုပါပဲ။ ဒါကြောင့် သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှု (Import Substitution Industrialization) ကို အိန္ဒိယ နဲ့ လက်တင် အမေရိကနိုင်ငံတွေ အားလုံးလိုလို ကျင့်သုံးခဲ့ ပါတယ်။ (စကားမစပ် မြန်မာပြည်မှာလည်း သွင်းကုန်အစားထိုးလုပ်ခဲ့တယ် ဆိုတာ မှတ်မိနေပါသေးတယ်။) အဲဒီလုပ်ရပ်ဟာ အောက်ကျနောက်ကျဖြစ်ရခြင်း သဘောတရား (Dependency Theory) အပေါ်မှာ အခြေခံထားပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောခဲ့ဘူးတဲ့ သမိုင်းက ပေါ်လစီရွေးချယ်ရာမှာ သက်ရောက်မှုရှိတယ်ဆိုတာကို ပြနေတဲ့ထင်ရှားတဲ့ ဥပမာ တခုပါ။ လွတ်လပ်ပြီးခေတ် လက်ရှိစီးပွားရေး အခြေအနေ၊ အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရာမှာ သမိုင်းရဲ့ လွှမ်းမိုး မှုရှိနေလို့ပါ။

တဘက်မှာတော့ ဂျပန် နဲ့တရုတ်တို့က မတူညီတဲ့ စီးပွားရေးပုံစံတွေကို ရွေးချယ်ခဲ့ကြပါတယ်။ ဂျပန်က ပို့ကုန်ဦးစားပေး ကုန်ထုတ်လုပ်မှု (Export-oriented Industrialization) ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရက ဦးဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေး ပုံစံမျိုး (State-led Development) ပါ။ အခြေမခိုင်သေးတဲ့ စက်မှုကဏ္ဍတွေကို အစိုးရက ပြည်တွင်းမှာသာ ယှဉ်ပြိုင်စေပြီး ပြည်ပရဲ့ယှဉ်ပြိုင်မှုကို ကာကွယ်ပေးထားတဲ့ ပုံစံမျိုးပါ။ သွင်းကုန်ခွန်(Tariff) ကောက်တာမျိုး၊ သွင်းကုန်အရေအတွက်ကန့်သတ်တာ (Import quota) မျိုးတွေနဲ့ ပြည်ပယှဉ်ပြိုင်မှုတွေကို အကာအကွယ်ပေးတတ်ကြပါတယ်။ တရုတ်ကလည်း ၁၉၈ဝ ပြည့်နှစ်တွေမှာ အထူးစီးပွားရေးဇုန် (Special Economic Zones) တွေ ဖန်တီးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အဲဒီဇုန်တွေမှာပဲ ဖိတ်ခေါ်ပြီး ကန့်သတ်ထားတာ၊ ကုန်သွယ်မှုတွေကိုလည်း အဲဒီဇုန်တွေကပဲလုပ်ရတာဟာ အရင်းရှင်စနစ်ကို သူ့နိုင်ငံမှာ မြေစမ်းခရမ်းပျိုး လုပ်ချင်တဲ့ သဘောပါ။ ဟဲလို တက်စတင်း ဝမ်း၊ တူး၊ သရီး ပေါ့။ အဲဒီကနေ နည်းပညာ၊ အတတ်ပညာ ဖိတ်စင်မှုတွေ (Technology and knowledge spillovers) ရှိလာမယ်၊ ပြည်တွင်း စက်မှုလုပ်ငန်းတွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကတဆင့် ဖြစ်ထွန်းလာမယ်ဆိုတဲ့ သဘောပါ။ မအောင်မြင်ဘဲ ကျရှုံးခဲ့ရင်လည်း ဒေသဆိုင်ရာ စီးပွားရေး ကျဆုံးမှုသာဖြစ်ပြီး နိုင်ငံတခုလုံးရဲ့ စီးပွားရေး၊ နိုင်ငံရေးတို့မှာ မထိခိုက် စေချင်လို့ပါ။

သွင်းကုန်အစားထိုးလုပ်တဲ့ လက်တင်အမေရိကန်နိုင်ငံတွေ ၁၉၈၀ ပြည့်နှစ်တွေမှာ စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ကြရပါတယ်။ (ရေနံစိမ်းထုတ်လုပ်ရောင်းချတဲ့ OPEC နိုင်ငံတွေရဲ့လောင်စာဆီ ကန့်သတ်ထုတ်လုပ်တင်ပို့မှု (Oil embargo) နဲ့လည်း ပတ်သက်ဆက်နွယ်နေပါတယ်။) သွင်းကုန်အစားထိုးတယ် ဆိုတာ တဘက်မှာ ပို့ကုန်တွေကိုလည်း အားမပေးပါဘူး။ သူတို့တွေ ခေတ်ဟောင်းကျမ်းရဲ့ (Classical theory) ရဲ့ (နိုင်ငံတိုင်းမှာ) အားသာချက် အားနည်းချက် တွေ ရှိတယ်ဆိုတဲ့ (Comparative advantage) သဘောတရားတွေ မသိလို့လား။ မဟုတ်ဘူးထင်ပါတယ်။ မယုံလို့ဖြစ်ပါလိမ့်မယ်။ သဘောတရားတွေ ဟာ သဘောတရားတွေ ပါ။ ဒါတွေဟာ အသိတရားကို အားနည်းစေပြီး အမှန်မမြင် အောင်လုပ်ထားတာ (Brain wash) လို့လည်း စွပ်စွဲလို့ရပါတယ်။ (နိုင်ငံတိုင်းမှာ) အားသာချက် အားနည်းချက် တွေရှိတယ်ဆိုတဲ့ သဘောတရား ပြောတာက တိုင်းပြည်တိုင်းဟာ ကိုယ်ရဲ့ အားသာတဲ့ ကုန်စည်တွေပဲထုတ်ပြီး ကုန်သွယ်ကြရင် အားလုံးအကျိုးပိုများမယ် ဆိုပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံဟာ အကုန်ထုတ်စရာမလိုပါ။ အလွန့်အကျွံပြောရရင် တမည်ကောင်းထုတ်ပြီး ကုန်သွယ်ရင်လည်း ချမ်းသာနိုင်တာပါပဲ။ ဒါပေမဲ့ အဲဒီကုန်ပစ္စည်းဈေးကျရင်တော့ ပြဿနာရှိနိုင်တာပေါ့။ ပြီးတော့ Comparative advantage ဆိုတာကလည်း လုပ်ယူလို့ ရပါသေးတယ်။ ဥပမာ အထက်က ဂျပန်ရဲ့ လုပ်ပုံမျိုးပေါ့။ ဒီလိုနဲ့ သွင်းကုန်အစားထိုးတဲ့နိုင်ငံတွေဟာ ပြည်တွင်းဝယ်လိုအားတက်မလာတာကတစ်မျိုး၊ ရေနံဈေးတက်လို့ ကုန်စည်ဈေးနှုန်းတက်လာတာ (ငွေကြေးဖောင်းပွမှု) ကတစ်ဖုံ၊ ကုန်ထုတ်လုပ်မှုအတွက်ဝယ်ထားတဲ့ စက်ယန္တားဖိုးတွေ မပေးချေနိုင်တာက တစ်ဒုက္ခနဲ့ သောကပင်လည်ဝေပါတော့တယ်။

အဲ… သီအိုရီတစ်ခုဟာ အမြဲတမ်းအလုပ်ဖြစ်လေ့ မရှိပါဘူး။ ၁၉၇၀ပြည့်နှစ်တွေမှာပဲ ကိန်းရဲ့ စီမံခန့်ခွဲမှုအောက်က အရင်းရှင်စနစ်၊ ထိန်းချုပ်ကန့်သတ်ထားတဲ့ အရင်းရှင်စနစ် (Managed Capitalism၊ Regulatory Capitalism) တို့ ပြဿနာစတက်ပါတယ်။ ဥပမာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မြင့်လာတယ်။ အလုပ်လက်မဲ့နှုန်း များများလာတယ်။ အဲဒီဖြစ်ရပ်နှစ်ခုလုံး တပြိုင်တည်းဖြစ်တာကို အင်္ဂလိပ်လိုတော့ "stagflation" လို့ခေါ်ပါတယ်။ စီးပွားရေးကို ဖေးကူဖို့သုံးစွဲတဲ့ အစိုးရ အသုံးစရိတ် (Fiscal Policy) တွေကလည်း မီးလောင်ရာ လေပင့်သလို ဖြစ်နေတယ်။ အမေရိကန်နဲ့ ဗြိတိသျှထုတ်ကုန်တွေဟာလည်း ကမ္ဘာ့ဈေးကွက်မှာ မယှဉ်နိုင်ဖြစ်လာတယ်။ (ဒါကလည်း အလုပ်သမားသမဂ္ဂ အဖွဲ့အစည်း (Labor Union၊ Trade Union) တွေအားကောင်းလာတာကြောင့် လုပ်ခဈေးမြင့်လာတာရယ်၊ ဂျာမနီနဲ့ ဂျပန် တို့က စက်မှုအင်အားကြီးနိုင်ငံတွေ ပြန်ဖြစ်လာတာတွေကြောင့်လည်း ပတ်သက်ဆက်နွှယ်နေပါတယ်။) ရစ်ချတ်နစ်ဆင် (Richard Nixon) က ပြည်တွင်း အကျပ်အတည်းကို ဖြေရှင်းဖို့ ရွှေနဲ့ ဒေါ်လာ ချိတ်ထားတာကို (gold standard) ကို ၁၉၇၁ ခုနစ်မှာ ဖျက်သိမ်းပါတယ်။ စီးပွားရေးမှာ အစိုးရက ဝင်ဝင်ပါနေလို့ ပြဿနာတွေ ဖြစ်နေတာပါ၊ ဈေးကွက် လွတ်လပ်ခွင့်ကသာ ပြဿနာတွေကို ဖြေရှင်းပေးမှာ၊ လူ့လွတ်လပ်ခွင့် (personal freedom) ကို အားပေးတာလို့ဆိုတဲ့ ဖရက်ဒရစ် ဟိုက်ရက် (Friedrich Hayek) နဲ့ မီလ်တန် ဖရိမန်း (Milton Friedman) တို့ရဲ့ Neoliberal Idea တွေရှေ့ရောက်လာပါတယ်။ တချိန်တည်းမှာပဲ အလုပ်သမား ဆန္ဒပြမှုတွေ၊ လူမှုရေး၊ နိုင်ငံရေး မတည်မငြိမ်တွေ ဖြစ်နေပါတယ်။ ဒါနဲ့ ဗြိတိန်က မာဂရက် သက်ချာ (Margaret Thatcher) နဲ့ အမေရိကန်က ရော်နယ် ရေဂင် (Ronald Reagan) တို့ အာဏာရလာတော့ အစိုးရရဲ့ အခန်းကဏ္ဍတွေလျော့ချရေးဆိုတဲ့ Neoliberal Idea တွေကို သုံးလာပါတယ်။ သူတို့ ကိုယ်တိုင်ကလည်း အဲဒါကို ယုံကြည်ပါတယ်။

တစ်ဖက်မှာလည်း ကွန်မြူနစ် နဲ့ ဆိုရှယ်လစ်နိုင်ငံတွေ စီးပွားရေး အကျပ်အတည်းရိုက်နေပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် ငွေကြေးဖောင်းပွမှု အလွန်ဆိုးရွားနေပါတယ်။ ဆိုရှယ်လစ်၊ ကွန်မြူနစ်အစိုးရတွေ ပြုတ်ကျတာကျ၊ ဈေးကွက်စီးပွားရေး ဖော်ဆောင်သူဆောင်နဲ့ အတော်ရှုပ်ယှက်ခတ်နေပါတယ်။ Shock Therapy လို့ ခေါ်တဲ့ ဆိုရှယ်လစ် စီးပွားရေးကနေ အရင်းရှင်စနစ်ကို ရုတ်ချည်း အပြောင်းအလဲလုပ်ဖို့၊ ဈေးကွက်စီးပွားရေးကို ချက်ချင်းဖော်ဆောင်ဖို့ Jeffrey Sachs နဲ့ Gonzalo Sanchez de Tozada တို့က Bolivia မှာ စသုံးပြီး နောက်ကျန်တဲ့ လက်တင်အမေရိကန် နိုင်ငံတွေနဲ့ ရုရှားမှာ ကျင့်သုံးခဲ့ပါတယ်။ (တရုတ်ကတော့ တဖြည်းဖြည်း ပြောင်းလဲယူတဲ့နည်း (Gradualism)ကို ကျင့်သုံးခဲ့ပါတယ်) အလုပ်ဖြစ်တဲ့ နိုင်ငံကဖြစ်၊ ကွဲသူက ကွဲပေါ့။ ယေဘူယျအားဖြင့်တော့ အလုပ်မဖြစ်တာက များပါတယ်။ ရေရှည်မှာ အလုပ်မဖြစ်တာကတော့ အသေအချာပါပဲ။ (Shock therapy ရဲ့ဆိုးကျိုးတွေကို အသေးစိတ်သိချင်ရင် နာအိုမီ ကလိုင်း (Naomi Klein) ရဲ့ "The Shock Doctrine" ကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ သူရေးတာတွေ အားလုံးမှန်ပြီး အကြွင်းမဲ့လက်ခံရမယ်လို့တော့ မဆိုလိုပါ။) အဲဒီကာလတွေကတော့(၁၉၈၀ နှောင်းပိုင်း နဲ့ ၁၉၉၇ အာရှငွေကြေးအကျပ်အတည်းမတိုင်ခင်ထိ) အစိုးရ အသုံးစရိတ်လျှော့ချရေး၊ လူမှုဖူလုံရေး အသုံးစရိတ် ဖြတ်တောက်ရေး၊ ငွေလည်ပတ်မှု (money supply) လျှော့ချရေး၊ ပြည်သူပိုင် လုပ်ငန်းတွေ ပုဂ္ဂလိကပိုင်ပြောင်းရေး (privatization)၊ နောက်ဆုံး စီးပွားရေးမှာ အစိုးရရဲ့ အခန်းကဏ္ဍကို လျှော့ချနိုင်သမျှ လျှော့ချရေးတို့ကို ဖောဖောသီသီကြီး တွေ့နေရပါတယ်။

ကဲ… ဒီမှာ ခဏနားကြရင်ကောင်းမယ်ထင်ပါတယ်။ ရေးတာလည်း နည်းနည်းရှည်သွားပါပြီ။ (ပြန်ဆက်ရေးဖြစ်ခဲ့ရင်တော့ ၁၉၉၇ အာရှငွေကြေးအကြပ်အတည်းနဲ့ စပြီး နောက်ဆုံးဖြစ်ခဲ့တဲ့ ၂၀၀၈ ကစခဲ့တဲ့ ငွေကြေးအကြပ်အတည်းအထိ ဆက်ရေးဖို့ပါ။ အစိုးရအနေနဲ့ ဒီအကြပ်အတည်းတွေကို ဘယ်လိုဖြေရှင်းကြတယ်ဆိုတာပဲဆက်ရေးမှာပါ။) ဈေးကွက်မှာ အစိုးရက ဘယ်လောက်အတိုင်းအတာထိ ဝင်ပါရင်တော့ ကောင်းတယ်၊ မကောင်ဘူး၊ စီးပွားရေးမှာ အစိုးရဝင်ပါတာဟာ မှားတယ်၊ မှန်တယ် ဆိုတာတော့ သမိုင်းတလျှောက် ကျွန်တော်တို့ တွေ့ခဲ့ရသလိုပါပဲ အမြဲငြင်းနေကြအုံးမဲ့ပုံပါ။ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသ ပေါ်မူတည်ပြီး အစိုးရပါဝင်မှုအတိုင်းအတာ ပြောင်းလဲတတ်ပါတယ်။ နောက်ပြီး ဘယ်ရှုထောင့်က ပြောလည်းဆိုတဲ့အပေါ်မှာ မူတည်ပြီး အဖြေအမျိုးမျိုးကွဲပြားနေပါသေးတယ်။ နောက်ပြီးတော့ ပေါ်လစီရွေးချယ်ရာမှာလည်း အမှားအမှန် ရွေးချယ်ရတာမျိုးထက် အမှန် ၁၊ ၂၊ ၃၊ ၄၊ ထဲက အမှန်တခုကို ရွေးချယ်ရတာမျိုနဲ့ပိုတူနေပါတယ်။ ဒါ့ကြောင့် အထက်က ပြောခဲ့သလိုပါပဲ၊ အစိုးရက ဘယ်အတိုင်းအတာထိ ပါဝင်ဖြေရှင်းသင့်သလဲ ဆိုတာကို ပြောဖို့က တော်တော်လေးရှုပ်တဲ့ ကိစ္စပါ။ တခု ရှင်းရှင်းလင်းလင်း ပြောနိုင်တာကတော့ နိုင်ငံတိုင်းဟာ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်မှု (national interest) ဆိုတာ အမြဲတမ်းရှိနေပါတယ်။ စက်မှုကဏ္ဍတစ်ခုကို နိုင်ငံပိုင်ထားတာပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပိုင် ပြောင်းတာပဲ ဖြစ်ဖြစ် ယေဘူယအားဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင် ဆုံးဖြတ်ကြတတ်ပါတယ်။ ဥပမာ ဘဏ်လုက်ငန်းပြိုလဲတာကိုပဲကြည့်ပါ၊ အစိုးရက ဝင်ပြီးဖြေရှင်ပေးသင့် မပေးသင့်ဆိုတဲ့နေရာမှာ ဘဏ်တွေပြိုလဲသွားလို့ နိုင်ငံ့စီးပွားရေးမှာ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုး၊ ပြဿနာတွေ ဘယ်လောက်ထိရှိလာနိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ တနည်းအားဖြင့် တခြားလုပ်ငန်း ဘယ်လောက်များများ ဆက်စပ်ပျက်စီးသွားနိုင်သလဲ။ လုပ်ငန်းတစ်ခုရဲ့ အကျိုးများမှု၊ စွမ်းဆောင်ရေကောင်းမွန်မှု သက်သက် (efficiency) ရှုထောင့်က ကြည့်ရင်တော့ ငွေဝင်ကူတာ (bailout) မျိုး မလုပ်သင့်ဘူးပေါ့။ ဒါပေမယ့် ငွေအကူရတဲ့ လုပ်ငန်းတွေကလည်း efficiency ပိုကောင်းလာအောင် အပြောင်းအလဲတွေ လုပ်ကြရပါတယ်။

ဘဏ်လုပ်ငန်းတွေပြိုလဲပြီး ကမ္ဘ္ဘ္ဘာ့စီးပွာရေးအကြပ်အတည်းဆိုက်ပြီးနောက် စီးပွားရေးမှာ အစိုးရရဲ့အခန်းကဏ္ဍ လျော့ချလာအုံးမလား၊ တိုးလာအုံးမလားဆိုတာကတော့ စိတ်ဝင်တစား စောင့်ကြည့်ဖို့ကောင်းနေပါတယ်။

ကဲ… နောက်တကြိမ်မှာ ပြန်ဆုံကြမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့။

By လင်းမိုးဝေ