"နောက်တကြိမ်မှာ ပြန်ဆုံကြမယ်လေ" လို့ ပြောပြီး ပျောက်နေခဲ့တာ ၄ လလောက်တောင် ရှိရောပေါ့။ ပို့စ်မတင်နိုင်တဲ့ ကျွန်တော့်ဘက်ကနေပြီး ပုံတောင် ပရိတ်သတ်ကို အားနာစရာကောင်းနေပါပြီ။ ပြီးတော့ ပုံတောင် ဝိုင်းတော်သားတွေကိုလည်း မျက်နာပူလှပါပြီ။ ဒီတစ်ခါတော့ နိုင်ငံရေးဘောဂဗေဒ အကြောင်း စပြောရအောင်ပါ။
နိုင်ငံရေး ဘောဂဗေဒ ဆိုတာ ဘယ်လို ဘာသာရပ်မျိုးလဲ ဆိုတာ မသိသေးတဲ့ စာဖတ်သူတို့ သိချင်ကြပါလိမ့်မယ်။ သိချင်တယ်ပဲ ဆိုပါစို့ (ဇွတ်ကြီးပါလားနော်)။ ဘောဂဗေဒ/စီးပွားရေး (economics) နဲ့တူသလား။ နိုင်ငံရေးသိပ္ပံ ဘာသာရပ် (political science) ရဲ့ အခွဲတခုလား။ ဘယ်လို ကိစ္စ၊ အကြောင်းအရာတွေကို လေ့လာတာလဲ စသဖြင့်ပေါ့။
ကျွန်တော် ကိုယ်တိုင်လည်း အစက ဘာမှန်းမသိပဲ ယူလိုက်တာပါ။ ဘာမှန်းမသိဘူးဆိုပေမယ့်
သင်ရမယ့် အကြောင်းအရာတွေတော့ သိတာပေါ့လေ။ အောက်ပါ အကြောင်းအရာတွေ၊ မေးခွန်းတွေကို စိတ်ဝင်စားရင်တော့ စာဖတ်သူတို့လည်း နိုင်ငံရေးဘောဂဗေဒကို စိတ်ဝင်စားပါလိမ့်မယ်။ ကျွန်တော်လည်း အဲဒါတွေ သိချင်လို့ စီးပွားရေး ဘာသာရပ်မဟုတ်ပဲ ဒီဘာသာကို လေ့လာဖြစ်ခဲ့တာပါ။
အကြောင်းအရာ တချို့ကတော့
* မြင့်မားလာတဲ့ သုံးစွဲမှု (rising consumer demand) နဲ့ အရင်းအမြစ်လျော့နည်းလာမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုတို့ကို လျော့ချရေးတို့ အကြား လွန်ဆွဲမှုကို ဘယ်လို ဖြေရှင်းမလဲ။
* အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ အခြားနိုင်ငံရေးဘောဂဗေဒ စနစ်တို့ အကြား ဦးတည်ချက်၊ မျှော်မှန်းချက် ကွာခြားမှုတွေက ဘာတွေလဲ။
* ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့၊ အာဏာရှင်စနစ်တို့ရဲ့ ဦးစားပေးဆောင်ရွက်ပုံ ကွာခြားချက်တွေက ဘာတွေလဲ။
* ကမ္ဘာ့နိုင်ငံတွေ အပြန်အလှန် အမှီသဟဲ ပြုနေကြတော့ နိုင်ငံတွေရဲ့ အစိုးရတွေက သူတို့ရဲ့ ပြည်တွင်းအလုပ်လက်မဲ့ အရေး၊ ငွေကြေးဖောင်းပွမှု ကိစ္စ၊ ကုန်သွယ်ရေး လိုငွေပြမှု၊ လူမှုဖူလုံရေး ကိစ္စတွေကို ဖြေရှင်းရာမှာ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲ။
အဲဒါတွေကတော့ နိုင်ငံရေး ဘောဂဗေဒ ဘာသာရပ်ရဲ့ မေးခွန်းတချို့ပါ။ စာဖတ်သူတော့ မသိဘူး။ ကျွန်တော် ကတော့ တော်တော်ကျယ်ပြန့်တယ်လို့ အမြဲခံစားရပါတယ်။ ဒါပေမယ့် အခုထိ စာဆန်နေပါသေးတယ်။ အရပ်စကားနဲ့ ပြောနိုင်အောင် ကျွန်တော် ကြိုးစားကြည့်မယ်။ သမိုင်းကောက်ကြောင်းကို ပြန်လိုက်ရင်းနဲ့ပေါ့။ အဲဒီတော့ လက်ရှိ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ လူအဖွဲ့အစည်းကနေ ခဏခွါမယ်၊ ကျောက်ခေတ်လူသားဘဝကို ပြန်သွားကြည့်ကြရအောင်။
လူရယ်လို့ ဖြစ်လာတော့ ကျွန်တော်တို့မှာ စား၊ဝတ်၊နေ ရေးဆိုတဲ့ လူတွေ အသက်ရှင်သန်နိုင်ဖို့ အခြေခံ လိုအပ်ချက်တွေရှိပါတယ်။ ဒါပေမယ့် ကျောက်ခေတ်တုန်းက ဘာဥပဒေမှ မရှိ၊ အုပ်ချုပ်သူလူတန်းစားမရှိ၊ အစိုးရမရှိပဲ နေကြတယ် ဆိုပါတော့။ အဲဒီတော့ အခြေခံလိုအပ်ချက်တွေ အတွက် လုကြယက်ကြ၊ သတ်ကြဖြတ်ကြပေါ့။ (တိရိစ္ဆာန်နဲ့ အလားတူပဲ) ကြီးနိုင်ငယ်ညှင်း လုပ်ကြတာပေါ့။ အဲဒီ အခြေအနေကို ပုံမှန် သဘာဝအနေအထား (state of nature) လို့ သောမတ်စ်ဟောပ့် (Thomas Hobbes) က ပြောပါတယ်။ လူတွေအားလုံး တစ်ယောက်ကို တစ်ယောက် ဆော်ပလော်တီးနေကြတဲ့ ခေတ်ကြီးပေါ့၊ "war of every man against every man" တဲ့။ အဲဒီတော့ အုပ်ချုပ်သူရှိမှ လူ့ဘောင်လောကကြီး အေးချမ်းမယ်၊ အရှည်တည်တံ့မယ်၊ စားဝတ်နေရေးအတွက် သတ်ကြဖြတ်ကြတာတွေ ပျောက်ကွယ်သွားမယ်လို့ ဟော့ပ်ကဆိုပါတယ်။ ဂျွန်လော့(က်) (John Locke) တို့၊ ရူးဆိုး (Rousseau) တို့ ပြောထားတာတွေကို ကျော်လိုက်မယ်။ အစိုးရတစ်ရပ်ရှိတဲ့အဆင့်ရောက်သွားပြီ။ လူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်လိုက်နိုင်ပြီ။ ဘယ်လို အစိုးရပုံစံပဲ ဖြစ်ဖြစ်ပေါ့။
ဒီလိုနဲ့ နိုင်ငံရေးဘောဂဗေဒ ဆိုတဲ့ အသုံးအနှုန်းဟာ ၁၈ ရာစုမှာ စတင်ပေါ်ပေါက်လာတယ်ပဲ ဆိုပါစို့။ ဆိုပါစို့လို့ ပြောရတဲ့ အကြောင်းရင်းက ခေတ်ဟောင်း နိုင်ငံရေးဘောဂဗေဒ (Classical Political Economy) ကို လေ့လာရာမှာ Hobbes အရင် ၁၆ ရာစု အစောပိုင်းက မာခီဗယ်လီ (Machiavelli) ရေးတဲ့ "The Prince" က စလို့ပါ။ အုပ်ချုပ်သူ မင်းသားဟာ (တရားဥပဒေ အရမဟုတ်ပဲ) အတင်းအဓမ္မ အင်အားသုံး အုပ်ချုပ်မှသာ နိုင်ငံရေး တည်ငြိမ်မယ်၊ အာဏာတည်မြဲမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အုပ်ချုပ်ချုပ် အာဏာတည်မြဲချင်ရင်တော့ အုပ်ချုပ်ခံ ပြည်သူတွေရဲ့ ဥစ္စာဓနကိုတော့ သွားမထိနဲ့လို့ မာခီဗယ်လီက ပြောထားပါတယ်။
ကဲ ၁၈ ရာစုပဲ ပြန်လှည့်ရအောင်ပါ။ ဘောဂဗေဒ/စီးပွားရေး ဆိုတဲ့ အသုံးဟာ ဂရိဘာသာက ဆင်းသက်လာတာပါ။ အိုးအိမ်ခန့်ခွဲမှု (household management) လို့ ဆိုပါတယ်။ လူတို့ရဲ့ လိုအပ်ချက်တွေကို မိသားစုဝင် အချင်းချင်း၊ အမျိုးအချင်းချင်း၊ လူမျိုးနွယ်စု (tribe) ဝင် အချင်းချင်း ရိုင်းပင်းဖြေရှင်းကြတာမျိုးပါ။ ၁၈ ရာစုကစခဲ့ပြီး လက်ရှိသုံးနေတဲ့ ဘောဂဗေဒ သဘောတရားကတော့ သွေးမတော် သားမစပ်တဲ့ အိုးအိမ် မိသားစုတွေအကြား လူတို့ရဲ့ လိုအပ်ချက်တွေကို အပြန်အလှန် ဖြေရှင်းနိုင်ကြတဲ့ စံနစ်မျိုးပါ။ နိုင်ငံရေးဘောဂဗေဒ (ဝါ) နိုင်ငံရေးဆိုင်ရာ စီးပွားရေး ကတော့ အုပ်ချုပ်ရေးပိုင်း၊ အစိုးရပိုင်းက စီးပွားရေးရာ ကိစ္စတွေမှာ ဝင်ရောက်စီမံခန့်ခွဲခြင်းလို့ ဆိုနိုင်ပါတယ်။ အုပ်ချုပ်ခံ ပြည်သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေကို ပြည့်မှီအောင် ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ် ဆိုတဲ့ သဘောပါ။ (အခုခေတ်မှာတော့ အဲဒီအခြေခံလိုအပ်ချက်ဆိုတာတွေထဲမှာ ရေ၊ မီး၊ လောင်စာဆီ လုံလုံလောက်လောက် ရရှိရေး၊ ပညာရေး ပံ့ပိုးမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှု၊ အလုပ်အကိုင် ဖန်တီးပေးရေး၊ စိုက်ပျိုးရေးကဏ္ဍမှာ ထောက်ပံ့ကြေးပေးရေး၊ သုတေသနကို ထောက်ပံ့အားပေးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတာတွေပါ ပါဝင်နေတယ်လို့ဆိုနိုင်ပါတယ်။) ဒါပေမယ့် အစိုးရက ဘယ်လောက် အတိုင်းအတာထိ ဝင်ရောက်ဆောင်ရွက်သင့်တယ် ဆိုတာကတော့ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်ရဲ့ အမြဲတမ်း ငြင်းခုန်နေရတဲ့ ကြီးမားတဲ့ ပြဿနာ တစ်ရပ်ပါ။ (ကိုယ်သန်ရာ၊ နှစ်သက်ရာ က ကြည့်တဲ့ရှုထောင့်တွေအပေါ်မှာ မူတည်ပြီး အဖြေအမျိုးမျိုး ကွဲပြားနိုင်လို့ သတ်သတ်မတ်မတ်အဖြေတချို့ကို ဒီနေရာမှာ ပေးမထားပါ၊ စာဖတ်သူတို့ ကိုယ်ကြိုက်သလို ယူဆဖို့နဲ့ စဉ်းစားဖိုအတွက့် လေ့ကျင့်ခန်းပါ။ ဥပမာ ဒီနေရာမှာ အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ် စနစ်တို့ကြား ကွားခြားပုံကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။)
ခေတ်ဟောင်း နိုင်ငံရေးဘောဂဗေဒဟာ ၁၈ ရာစုနှောင်းပိုင်းနဲ့ ၁၉ ရာစု အစောပိုင်းတွေမှာ အဒမ်စမစ် (Adam Smith) တို့၊ ဒေးဗစ်ရီကာဒို (David Ricardo) တို့က စတင်ခဲ့ပါတယ်။ သူတို့က စီးပွားရေးမှာ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကို အနည်းဆုံးထိလျော့ချဖို့ ပြောလာပါတယ်။ ဈေးကွက်က သူ့အလိုလို လူတို့လူအပ်နေတဲ့ ကုန်ပစ္စည်းတွေကို အဆင်ပြေချောမွေ့စွာ ထုတ်လုပ်၊ ရောင်းချ၊ ဝယ်ယူနိုင်တယ်။ အဲဒါကို အင်္ဂလိပ်လို (Self-Regulating Market) လို့ ခေါ်ပါတယ်။ (Laissez-Faire) လို့လဲ ပြောပါတယ်။ အများပြည်သူတို့ အတူတကွ အကျိုးရှိစေတဲ့ (public goods) တွေဖြစ်တဲ့ ပညာရေး၊ နိုင်ငံကာကွယ်ရေး (national defense) စတာတွေကလွဲလို့ ကုန်ထုတ်လုပ်မှုမှာ၊ ကုန်သွယ်ရေးမှာ၊ စိုက်ပျိုးရေးမှာ အစိုးရဝင်ရောက် စွက်ဖက်မှာ မလိုလားတဲ့ သဘောပါ။ ဒီလိုပြောရတာ သူတို့မှာလည်း အကြောင်းရှိပါတယ်။ အဓိက က အကျိုးမများတာ၊ စွမ်းဆောင်ရေမကောင်းတာ် (inefficient)ရယ်၊ ပြီးတော့ ဆွေစဉ်မျိုးဆက် မြေပေါ်ခွထိုင်ပြီး ဘာမှ မယ်မယ်ရရ အလုပ်မရှိတဲ့ မြေပိုင်ရှင်တွေရဲ့ အကျိုးကို နိုင်ငံရေးမှာ မျက်နှာသာရ ကာကွယ်ပေးထားလို့ပါ။ Corn Laws လို့ခေါ်တဲ့ ကောက်ပဲသီးနှံမျိုးစုံကို ဈေးချိုချိုသွင်းလို့ရတဲ့ နိုင်ငံခြားသီးနှံသွင်းကုန်တွေ ရဲ့ယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးထားလို့ပါ။ ဒီဟန့်တားမှုကြောင့် တစ်ခြားနိုင်ငံတွေကိုလည်း အင်္ဂလန်ရဲ့ စက်မှုထုတ်ကုန်တွေ လွတ်လွတ်လပ်လပ် တင်ပို့လို့ မရတော့ဘူးလေ။ ဒီလိုနဲ့ စားသုံးသူတွေ၊ စွန့်စွန့်စားစား တီထွင်လုပ်ကိုင်ရတဲ့ စက်မှုလုပ်ငန်းပိုင် အရင်းရှင်တွေ နစ်နာနေလို့၊ ကုန်ကုန်ပြောရရင် နိုင်ငံတခုလုံး အတိုင်းအတာနဲ့ပါ နစ်နာနေလို့ပါ။
ဒီဘက်ခေတ်မှာတော့ ခေတ်ဟောင်း နိုင်ငံရေး ဘောဂဗေဒဟာ စီးပွားရေး ဘာသာရပ် (Economics) အသွင်ပြောင်းသွား ပါတယ်၊ တနည်းပြောရရင် ဘောဂဗေဒ လို့ ပြောင်းခေါ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရမှာ လူတို့ရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ စီးပွားရေးရာတွေမှာ စီမံခန့်ခွဲပေးဖို့ ဘာမှတာဝန်မရှိတော့လို့ပါ။ စီပွားရေးနဲ့ နိုင်ငံရေးကို ခွဲခြားဆက်ဆံဖို့ပါ။ (နယ်နိမိတ် ကန့်သတ်ပြောဆိုဖို့ကတော့ တော်တော်လေး ခဲယဉ်းပါတယ်။ ဒီအတိုင်းပဲ ထားလိုက်ပါ။) အဲဖရက် မာရှယ် (Alfred Marshall) ခေတ်မှာ (၁၈၄၂ – ၁၉၂၄) တော့ လူ့ကျင့်ဝတ်ဆိုင်ရာ ဒဿနိကဗေဒ (Moral Philosophy)၊ သမိုင်းဘာသာ နဲ့ ဥပဒေပညာ တို့အောက်က ခွဲထွက်ပြီး စီးပွားရေး ဘာသာရပ်ကို ဌာနတစ်ခုအနေနဲ့ ကိန်းဘရစ်တက္ကသိုလ်မှာ သီးသီးသန့်သန့် စထောင်နိုင်ခဲ့ပါတယ်။ စီးပွားရေး သက်သက် စဉ်းစားဖို့ ဆိုပါတော့။
ဒါပေမယ့် နှစ်ဆယ်ရာစု အစပိုင်းမှာတော့ ခေတ်ဟောင်း စီးပွားရေးပုံစံ (Classical approach) ဟာ မဟန်ပြန်ပါဘူး။ ပြီးတော့လည်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက် ကစပြီး လူမှုရေးသိပ္ပံ ပညာရှင်တွေက စီးပွားရေးနဲ့ နိုင်ငံရေးဟာ သီးသီးသန့်သန့်ကြီး ခွဲထားလို့ မရစကောင်းဘူးလို့ ပြောလာပါတယ်။ တချို့ကလည်း ကားမတ်(စ်) (Karl Marx) အဆိုကို ထောက်ခံကြပါတယ်။ တကယ်တော့ ကားမတ်(စ်) ကလည်း ခေတ်ဟောင်း အုပ်စု ထဲမှာ ပါပါတယ်။ သူကလည်း အရင်းရှင်စီးပွားရေးနဲ့ နိုင်ငံရေးဟာ သိပ်ပတ်သက်လွန်းတယ်လို့တော့ မထင်ပါ။ ဒါပေမယ့် သူထောက်ပြတာက အရင်းရှင်စီးပွားရေး စနစ်ထဲကပဲ အားကောင်းတဲ့ နိုင်ငံရေး အုပ်စုတွေ (ဥပမာ အရင်းရှင်တွေ၊ ကုန်ထုတ်လုပ်မှု စက်ပစ္စည်း ပိုင်ဆိုင်သူတွေ) ပေါ်ထွက်လာပြီး အုပ်ချုပ်ရေးမှာ ခြယ်လှယ်လာပြီး လူတန်းစားမညီမျှမှုအဆင့်ကို ရောက်လာတာမျိုးပါ။ ဒါကြောင့် သူက အရင်းရှင်စနစ်ဟာ ရေရှည်မှာ မတည်တံ့ပဲ ကျရှုံးမဲ့ စနစ်လို့ မြင်တာပါ။ ဒါပေမယ့် တကယ်တမ်း ရေရှည်မှာ အလုပ်မဖြစ်ပဲ ကျရှုံးခဲ့တာက ကွန်မြူနစ်နှင့် ဆိုရှယ်လစ် စီးပွားရေး စနစ်တွေပါ။ ရေတိုမှာတော့ အရမ်းအောင်မြင်ခဲ့ပါသေးတယ်။ ဥပမာ – ဆိုဗီယက် ပြည်ထောင်စုက အမေရိကန်ကို စပွတ်နစ် ဒုံးပျံလွှတ်တင်မှုနဲ့ ရှော့ရသွားစေခဲ့ပါတယ်။ စက်မှုဖွံဖြိုးရေးနဲ့ စီးပွားရေးကောင်းအောင် တည်ဆောက်ရာမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်က အရင်းရှင်စံနစ်ကို ကာလတစ်ခုအထိ ကျော်တက်သွားခဲ့ပါတယ်။
စီးပွားရေးမှာ အစိုးရ၏ အခန်းဂဏ္ဍများ အကြောင်း ရေးသားထားသော "The Commanding Heights" စာအုပ်ကို ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်
အဒမ်စမစ် (Adam Smith) က စပြီး အလံ တလွင့်လွင့် ထူနိုင်ခဲ့တဲ့ အရင်းရှင်စီးပွားရေးစနစ် ဟာ ပထမကမ္ဘာစစ် မတိုင်ခင်ထိပဲ ကောင်းကောင်းလည်ပတ်နိုင်ခဲ့ပါတယ်။ ကမ္ဘာစစ်ကြီးနှစ်ခုနဲ့ ဒုတိယ ကမ္ဘာစစ်ပြီး ကာလမှာ အစိုးရဝင်မပါပဲ နိုင်ငံတွေရဲ့ စီးပွားရေးတွေ မလည်ပတ်နိုင်တော့ပါဘူး၊ တနည်းပြောရရင် အရင်းရှင် စနစ်ဟာ ဘေးပယောဂ (အစိုးရ) မပါပဲ မလည်ပတ်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ ဈေးကွက်ပျက်သွားတဲ့ (Market failure) အချိန်မှာ အစိုးရက ဝင်ရောက် ကူညီဆောင်ရွက်ပေးဖို့၊ ယိမ်းယိုင်နေတဲ့ စီးပွားရေးကို လမ်းကြောင်းပေါ် ပြန်တည့်မတ်ပေးဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို အစိုးရက အိတ်စိုက်ပြီး ဖန်တီးပေးဖို့တွေကို ဂျွန် မေးနတ် ကိန်း (John Maynard Keynes) က တိုက်တွန်းပါတယ်။ သူရဲ့ ထင်ရှားတဲ့ အဆိုကတော့ ရေရှည်မှာ ငါတို့တွေ ရှိကြတော့မှာ မဟုတ်လို့ စီးပွားရေး ပြန်ကောင်းလိမ့် နိုးနိုး စောင့်မနေသင့်ဘူး လို့ ပြောချင်တဲ့ စကားလေး တစ်ရပ်ပါ။ "In the long run, we are all dead" တဲ့။ ဒါကြောင့် ပြည်သူတွေကို မသေခင် ထမင်းနပ်မှန်အောင် စားစေချင်ရင် အစိုးရက ဝင်ထိန်းပေးပါတဲ့။ (နောက်ဆုံး စာကြောင်းက ဇာတ်နာအောင် ကျွန်တော် လက်ဆော့ လိုက်တာပါ) ကိန်းရဲ့ အဆိုပြုချက်ဟာ လက်တွေ့ အသုံးဝင်ခဲ့ပါတယ်။ ကမ္ဘာ့ပြဿနာဖြစ်တဲ့ စီးပွားရေးကပ်ဆိုးကြီး (Great Depression) ကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ဖရန်ကလင်း ဒီ ရူးစ်ဘက် (Franklin D. Roosevelt) ရဲ့ အမေရိကန်နိုင်ငံမှာ အလုပ်အကိုင် ဖန်တီးပေးခြင်းပါ။ အမျိုးသား ဥယျာဉ် (national parks) တွေ၊ အဝေးပြေး ကားလမ်းမတွေ ဖောက်စေခဲ့ပြီး အလုပ်အကိုင် ဖန်တီးပေးခဲ့ရာက စီးပွားရေး ပြန်ဦးမော့လာတာပါ။ အမေရိကန်မှာတော့ ကိန်းရဲ့ လွှမ်းမိုးခဲ့ပုံက အမေရိကန်စီးပွားရေးဟာ ထိန်းချုပ်ကန့်သတ်ထားတဲ့ အရင်းရှင်စနစ် (Regulatory Capitalism) အနေနဲ့ ၁၉၇ဝ ပြည့်နှစ်တွေထိ ရှိခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ဒုတိယကမ္ဘာစစ်ပြီးလို့ အာရှတိုက်နိုင်ငံတွေ၊ လက်တင်အမေရိက နိုင်ငံတွေဟာ အရင်းရှင်စနစ်ကို လက်ခံဖို့ ကြောက်ရွှံ့ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအရတော့ လွတ်လပ်ရေးရခဲ့ပြီ၊ အလားတူပဲ စီးပွားရေးပိုင်းမှာလည်း အမှီအခိုကင်းတဲ့ ကိုယ်ပိုင် စီးပွားရေး ရပ်တည်ဖွံ့ဖြိုးမှုကို လိုလားလို့ပါ။ အရင်းရှင်စံနစ်ကျင့်သုံးတဲ့ ဥရောပနယ်ချဲ့နိုင်ငံတွေဟာ အရင်းရှင်စံနစ် အမည်ခံပြီး သူ့တို့ရဲ့ကိုလိုနီထဲသာ ဆွဲသွင်းခဲ့တယ်၊ လွတ်လပ်ရေးရလာတဲ့နိုင်ငံတွေဟာ ကိုလိုနီစံနစ်အောက်မှာ ဘာအကျိုးခံစားခွင့်မှ ရခဲ့တာ မဟုတ်ဘူးလေ။ နောက်တခုကလည်း လွတ်လပ်စ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာ စက်မှုဖွံ့ဖြိုးတဲ့ အရှင်းရှင်နိုင်ငံတွေကို သဘာဝ အရင်းအမြစ်တွေ ဈေးပေါပေါနှင့် ရောင်းရပြီး ဈေးကြီးတဲ့ သွင်းကုန်တွေကို ပြန်ဝယ်နေရတော့ လွတ်လပ်ရေးရဲ့ အနှစ်သာရဟာပြောက်ဆုံးနေသလိုပါပဲ။ ဒါကြောင့် သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှု (Import Substitution Industrialization) ကို အိန္ဒိယ နဲ့ လက်တင် အမေရိကနိုင်ငံတွေ အားလုံးလိုလို ကျင့်သုံးခဲ့ ပါတယ်။ (စကားမစပ် မြန်မာပြည်မှာလည်း သွင်းကုန်အစားထိုးလုပ်ခဲ့တယ် ဆိုတာ မှတ်မိနေပါသေးတယ်။) အဲဒီလုပ်ရပ်ဟာ အောက်ကျနောက်ကျဖြစ်ရခြင်း သဘောတရား (Dependency Theory) အပေါ်မှာ အခြေခံထားပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောခဲ့ဘူးတဲ့ သမိုင်းက ပေါ်လစီရွေးချယ်ရာမှာ သက်ရောက်မှုရှိတယ်ဆိုတာကို ပြနေတဲ့ထင်ရှားတဲ့ ဥပမာ တခုပါ။ လွတ်လပ်ပြီးခေတ် လက်ရှိစီးပွားရေး အခြေအနေ၊ အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရာမှာ သမိုင်းရဲ့ လွှမ်းမိုး မှုရှိနေလို့ပါ။
တဘက်မှာတော့ ဂျပန် နဲ့တရုတ်တို့က မတူညီတဲ့ စီးပွားရေးပုံစံတွေကို ရွေးချယ်ခဲ့ကြပါတယ်။ ဂျပန်က ပို့ကုန်ဦးစားပေး ကုန်ထုတ်လုပ်မှု (Export-oriented Industrialization) ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရက ဦးဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေး ပုံစံမျိုး (State-led Development) ပါ။ အခြေမခိုင်သေးတဲ့ စက်မှုကဏ္ဍတွေကို အစိုးရက ပြည်တွင်းမှာသာ ယှဉ်ပြိုင်စေပြီး ပြည်ပရဲ့ယှဉ်ပြိုင်မှုကို ကာကွယ်ပေးထားတဲ့ ပုံစံမျိုးပါ။ သွင်းကုန်ခွန်(Tariff) ကောက်တာမျိုး၊ သွင်းကုန်အရေအတွက်ကန့်သတ်တာ (Import quota) မျိုးတွေနဲ့ ပြည်ပယှဉ်ပြိုင်မှုတွေကို အကာအကွယ်ပေးတတ်ကြပါတယ်။ တရုတ်ကလည်း ၁၉၈ဝ ပြည့်နှစ်တွေမှာ အထူးစီးပွားရေးဇုန် (Special Economic Zones) တွေ ဖန်တီးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အဲဒီဇုန်တွေမှာပဲ ဖိတ်ခေါ်ပြီး ကန့်သတ်ထားတာ၊ ကုန်သွယ်မှုတွေကိုလည်း အဲဒီဇုန်တွေကပဲလုပ်ရတာဟာ အရင်းရှင်စနစ်ကို သူ့နိုင်ငံမှာ မြေစမ်းခရမ်းပျိုး လုပ်ချင်တဲ့ သဘောပါ။ ဟဲလို တက်စတင်း ဝမ်း၊ တူး၊ သရီး ပေါ့။ အဲဒီကနေ နည်းပညာ၊ အတတ်ပညာ ဖိတ်စင်မှုတွေ (Technology and knowledge spillovers) ရှိလာမယ်၊ ပြည်တွင်း စက်မှုလုပ်ငန်းတွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကတဆင့် ဖြစ်ထွန်းလာမယ်ဆိုတဲ့ သဘောပါ။ မအောင်မြင်ဘဲ ကျရှုံးခဲ့ရင်လည်း ဒေသဆိုင်ရာ စီးပွားရေး ကျဆုံးမှုသာဖြစ်ပြီး နိုင်ငံတခုလုံးရဲ့ စီးပွားရေး၊ နိုင်ငံရေးတို့မှာ မထိခိုက် စေချင်လို့ပါ။
သွင်းကုန်အစားထိုးလုပ်တဲ့ လက်တင်အမေရိကန်နိုင်ငံတွေ ၁၉၈၀ ပြည့်နှစ်တွေမှာ စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ကြရပါတယ်။ (ရေနံစိမ်းထုတ်လုပ်ရောင်းချတဲ့ OPEC နိုင်ငံတွေရဲ့လောင်စာဆီ ကန့်သတ်ထုတ်လုပ်တင်ပို့မှု (Oil embargo) နဲ့လည်း ပတ်သက်ဆက်နွယ်နေပါတယ်။) သွင်းကုန်အစားထိုးတယ် ဆိုတာ တဘက်မှာ ပို့ကုန်တွေကိုလည်း အားမပေးပါဘူး။ သူတို့တွေ ခေတ်ဟောင်းကျမ်းရဲ့ (Classical theory) ရဲ့ (နိုင်ငံတိုင်းမှာ) အားသာချက် အားနည်းချက် တွေ ရှိတယ်ဆိုတဲ့ (Comparative advantage) သဘောတရားတွေ မသိလို့လား။ မဟုတ်ဘူးထင်ပါတယ်။ မယုံလို့ဖြစ်ပါလိမ့်မယ်။ သဘောတရားတွေ ဟာ သဘောတရားတွေ ပါ။ ဒါတွေဟာ အသိတရားကို အားနည်းစေပြီး အမှန်မမြင် အောင်လုပ်ထားတာ (Brain wash) လို့လည်း စွပ်စွဲလို့ရပါတယ်။ (နိုင်ငံတိုင်းမှာ) အားသာချက် အားနည်းချက် တွေရှိတယ်ဆိုတဲ့ သဘောတရား ပြောတာက တိုင်းပြည်တိုင်းဟာ ကိုယ်ရဲ့ အားသာတဲ့ ကုန်စည်တွေပဲထုတ်ပြီး ကုန်သွယ်ကြရင် အားလုံးအကျိုးပိုများမယ် ဆိုပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံဟာ အကုန်ထုတ်စရာမလိုပါ။ အလွန့်အကျွံပြောရရင် တမည်ကောင်းထုတ်ပြီး ကုန်သွယ်ရင်လည်း ချမ်းသာနိုင်တာပါပဲ။ ဒါပေမဲ့ အဲဒီကုန်ပစ္စည်းဈေးကျရင်တော့ ပြဿနာရှိနိုင်တာပေါ့။ ပြီးတော့ Comparative advantage ဆိုတာကလည်း လုပ်ယူလို့ ရပါသေးတယ်။ ဥပမာ အထက်က ဂျပန်ရဲ့ လုပ်ပုံမျိုးပေါ့။ ဒီလိုနဲ့ သွင်းကုန်အစားထိုးတဲ့နိုင်ငံတွေဟာ ပြည်တွင်းဝယ်လိုအားတက်မလာတာကတစ်မျိုး၊ ရေနံဈေးတက်လို့ ကုန်စည်ဈေးနှုန်းတက်လာတာ (ငွေကြေးဖောင်းပွမှု) ကတစ်ဖုံ၊ ကုန်ထုတ်လုပ်မှုအတွက်ဝယ်ထားတဲ့ စက်ယန္တားဖိုးတွေ မပေးချေနိုင်တာက တစ်ဒုက္ခနဲ့ သောကပင်လည်ဝေပါတော့တယ်။
အဲ… သီအိုရီတစ်ခုဟာ အမြဲတမ်းအလုပ်ဖြစ်လေ့ မရှိပါဘူး။ ၁၉၇၀ပြည့်နှစ်တွေမှာပဲ ကိန်းရဲ့ စီမံခန့်ခွဲမှုအောက်က အရင်းရှင်စနစ်၊ ထိန်းချုပ်ကန့်သတ်ထားတဲ့ အရင်းရှင်စနစ် (Managed Capitalism၊ Regulatory Capitalism) တို့ ပြဿနာစတက်ပါတယ်။ ဥပမာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မြင့်လာတယ်။ အလုပ်လက်မဲ့နှုန်း များများလာတယ်။ အဲဒီဖြစ်ရပ်နှစ်ခုလုံး တပြိုင်တည်းဖြစ်တာကို အင်္ဂလိပ်လိုတော့ "stagflation" လို့ခေါ်ပါတယ်။ စီးပွားရေးကို ဖေးကူဖို့သုံးစွဲတဲ့ အစိုးရ အသုံးစရိတ် (Fiscal Policy) တွေကလည်း မီးလောင်ရာ လေပင့်သလို ဖြစ်နေတယ်။ အမေရိကန်နဲ့ ဗြိတိသျှထုတ်ကုန်တွေဟာလည်း ကမ္ဘာ့ဈေးကွက်မှာ မယှဉ်နိုင်ဖြစ်လာတယ်။ (ဒါကလည်း အလုပ်သမားသမဂ္ဂ အဖွဲ့အစည်း (Labor Union၊ Trade Union) တွေအားကောင်းလာတာကြောင့် လုပ်ခဈေးမြင့်လာတာရယ်၊ ဂျာမနီနဲ့ ဂျပန် တို့က စက်မှုအင်အားကြီးနိုင်ငံတွေ ပြန်ဖြစ်လာတာတွေကြောင့်လည်း ပတ်သက်ဆက်နွှယ်နေပါတယ်။) ရစ်ချတ်နစ်ဆင် (Richard Nixon) က ပြည်တွင်း အကျပ်အတည်းကို ဖြေရှင်းဖို့ ရွှေနဲ့ ဒေါ်လာ ချိတ်ထားတာကို (gold standard) ကို ၁၉၇၁ ခုနစ်မှာ ဖျက်သိမ်းပါတယ်။ စီးပွားရေးမှာ အစိုးရက ဝင်ဝင်ပါနေလို့ ပြဿနာတွေ ဖြစ်နေတာပါ၊ ဈေးကွက် လွတ်လပ်ခွင့်ကသာ ပြဿနာတွေကို ဖြေရှင်းပေးမှာ၊ လူ့လွတ်လပ်ခွင့် (personal freedom) ကို အားပေးတာလို့ဆိုတဲ့ ဖရက်ဒရစ် ဟိုက်ရက် (Friedrich Hayek) နဲ့ မီလ်တန် ဖရိမန်း (Milton Friedman) တို့ရဲ့ Neoliberal Idea တွေရှေ့ရောက်လာပါတယ်။ တချိန်တည်းမှာပဲ အလုပ်သမား ဆန္ဒပြမှုတွေ၊ လူမှုရေး၊ နိုင်ငံရေး မတည်မငြိမ်တွေ ဖြစ်နေပါတယ်။ ဒါနဲ့ ဗြိတိန်က မာဂရက် သက်ချာ (Margaret Thatcher) နဲ့ အမေရိကန်က ရော်နယ် ရေဂင် (Ronald Reagan) တို့ အာဏာရလာတော့ အစိုးရရဲ့ အခန်းကဏ္ဍတွေလျော့ချရေးဆိုတဲ့ Neoliberal Idea တွေကို သုံးလာပါတယ်။ သူတို့ ကိုယ်တိုင်ကလည်း အဲဒါကို ယုံကြည်ပါတယ်။
တစ်ဖက်မှာလည်း ကွန်မြူနစ် နဲ့ ဆိုရှယ်လစ်နိုင်ငံတွေ စီးပွားရေး အကျပ်အတည်းရိုက်နေပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် ငွေကြေးဖောင်းပွမှု အလွန်ဆိုးရွားနေပါတယ်။ ဆိုရှယ်လစ်၊ ကွန်မြူနစ်အစိုးရတွေ ပြုတ်ကျတာကျ၊ ဈေးကွက်စီးပွားရေး ဖော်ဆောင်သူဆောင်နဲ့ အတော်ရှုပ်ယှက်ခတ်နေပါတယ်။ Shock Therapy လို့ ခေါ်တဲ့ ဆိုရှယ်လစ် စီးပွားရေးကနေ အရင်းရှင်စနစ်ကို ရုတ်ချည်း အပြောင်းအလဲလုပ်ဖို့၊ ဈေးကွက်စီးပွားရေးကို ချက်ချင်းဖော်ဆောင်ဖို့ Jeffrey Sachs နဲ့ Gonzalo Sanchez de Tozada တို့က Bolivia မှာ စသုံးပြီး နောက်ကျန်တဲ့ လက်တင်အမေရိကန် နိုင်ငံတွေနဲ့ ရုရှားမှာ ကျင့်သုံးခဲ့ပါတယ်။ (တရုတ်ကတော့ တဖြည်းဖြည်း ပြောင်းလဲယူတဲ့နည်း (Gradualism)ကို ကျင့်သုံးခဲ့ပါတယ်) အလုပ်ဖြစ်တဲ့ နိုင်ငံကဖြစ်၊ ကွဲသူက ကွဲပေါ့။ ယေဘူယျအားဖြင့်တော့ အလုပ်မဖြစ်တာက များပါတယ်။ ရေရှည်မှာ အလုပ်မဖြစ်တာကတော့ အသေအချာပါပဲ။ (Shock therapy ရဲ့ဆိုးကျိုးတွေကို အသေးစိတ်သိချင်ရင် နာအိုမီ ကလိုင်း (Naomi Klein) ရဲ့ "The Shock Doctrine" ကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ သူရေးတာတွေ အားလုံးမှန်ပြီး အကြွင်းမဲ့လက်ခံရမယ်လို့တော့ မဆိုလိုပါ။) အဲဒီကာလတွေကတော့(၁၉၈၀ နှောင်းပိုင်း နဲ့ ၁၉၉၇ အာရှငွေကြေးအကျပ်အတည်းမတိုင်ခင်ထိ) အစိုးရ အသုံးစရိတ်လျှော့ချရေး၊ လူမှုဖူလုံရေး အသုံးစရိတ် ဖြတ်တောက်ရေး၊ ငွေလည်ပတ်မှု (money supply) လျှော့ချရေး၊ ပြည်သူပိုင် လုပ်ငန်းတွေ ပုဂ္ဂလိကပိုင်ပြောင်းရေး (privatization)၊ နောက်ဆုံး စီးပွားရေးမှာ အစိုးရရဲ့ အခန်းကဏ္ဍကို လျှော့ချနိုင်သမျှ လျှော့ချရေးတို့ကို ဖောဖောသီသီကြီး တွေ့နေရပါတယ်။
ကဲ… ဒီမှာ ခဏနားကြရင်ကောင်းမယ်ထင်ပါတယ်။ ရေးတာလည်း နည်းနည်းရှည်သွားပါပြီ။ (ပြန်ဆက်ရေးဖြစ်ခဲ့ရင်တော့ ၁၉၉၇ အာရှငွေကြေးအကြပ်အတည်းနဲ့ စပြီး နောက်ဆုံးဖြစ်ခဲ့တဲ့ ၂၀၀၈ ကစခဲ့တဲ့ ငွေကြေးအကြပ်အတည်းအထိ ဆက်ရေးဖို့ပါ။ အစိုးရအနေနဲ့ ဒီအကြပ်အတည်းတွေကို ဘယ်လိုဖြေရှင်းကြတယ်ဆိုတာပဲဆက်ရေးမှာပါ။) ဈေးကွက်မှာ အစိုးရက ဘယ်လောက်အတိုင်းအတာထိ ဝင်ပါရင်တော့ ကောင်းတယ်၊ မကောင်ဘူး၊ စီးပွားရေးမှာ အစိုးရဝင်ပါတာဟာ မှားတယ်၊ မှန်တယ် ဆိုတာတော့ သမိုင်းတလျှောက် ကျွန်တော်တို့ တွေ့ခဲ့ရသလိုပါပဲ အမြဲငြင်းနေကြအုံးမဲ့ပုံပါ။ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသ ပေါ်မူတည်ပြီး အစိုးရပါဝင်မှုအတိုင်းအတာ ပြောင်းလဲတတ်ပါတယ်။ နောက်ပြီး ဘယ်ရှုထောင့်က ပြောလည်းဆိုတဲ့အပေါ်မှာ မူတည်ပြီး အဖြေအမျိုးမျိုးကွဲပြားနေပါသေးတယ်။ နောက်ပြီးတော့ ပေါ်လစီရွေးချယ်ရာမှာလည်း အမှားအမှန် ရွေးချယ်ရတာမျိုးထက် အမှန် ၁၊ ၂၊ ၃၊ ၄၊ ထဲက အမှန်တခုကို ရွေးချယ်ရတာမျိုနဲ့ပိုတူနေပါတယ်။ ဒါ့ကြောင့် အထက်က ပြောခဲ့သလိုပါပဲ၊ အစိုးရက ဘယ်အတိုင်းအတာထိ ပါဝင်ဖြေရှင်းသင့်သလဲ ဆိုတာကို ပြောဖို့က တော်တော်လေးရှုပ်တဲ့ ကိစ္စပါ။ တခု ရှင်းရှင်းလင်းလင်း ပြောနိုင်တာကတော့ နိုင်ငံတိုင်းဟာ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်မှု (national interest) ဆိုတာ အမြဲတမ်းရှိနေပါတယ်။ စက်မှုကဏ္ဍတစ်ခုကို နိုင်ငံပိုင်ထားတာပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပိုင် ပြောင်းတာပဲ ဖြစ်ဖြစ် ယေဘူယအားဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင် ဆုံးဖြတ်ကြတတ်ပါတယ်။ ဥပမာ ဘဏ်လုက်ငန်းပြိုလဲတာကိုပဲကြည့်ပါ၊ အစိုးရက ဝင်ပြီးဖြေရှင်ပေးသင့် မပေးသင့်ဆိုတဲ့နေရာမှာ ဘဏ်တွေပြိုလဲသွားလို့ နိုင်ငံ့စီးပွားရေးမှာ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုး၊ ပြဿနာတွေ ဘယ်လောက်ထိရှိလာနိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ တနည်းအားဖြင့် တခြားလုပ်ငန်း ဘယ်လောက်များများ ဆက်စပ်ပျက်စီးသွားနိုင်သလဲ။ လုပ်ငန်းတစ်ခုရဲ့ အကျိုးများမှု၊ စွမ်းဆောင်ရေကောင်းမွန်မှု သက်သက် (efficiency) ရှုထောင့်က ကြည့်ရင်တော့ ငွေဝင်ကူတာ (bailout) မျိုး မလုပ်သင့်ဘူးပေါ့။ ဒါပေမယ့် ငွေအကူရတဲ့ လုပ်ငန်းတွေကလည်း efficiency ပိုကောင်းလာအောင် အပြောင်းအလဲတွေ လုပ်ကြရပါတယ်။
ဘဏ်လုပ်ငန်းတွေပြိုလဲပြီး ကမ္ဘ္ဘ္ဘာ့စီးပွာရေးအကြပ်အတည်းဆိုက်ပြီးနောက် စီးပွားရေးမှာ အစိုးရရဲ့အခန်းကဏ္ဍ လျော့ချလာအုံးမလား၊ တိုးလာအုံးမလားဆိုတာကတော့ စိတ်ဝင်တစား စောင့်ကြည့်ဖို့ကောင်းနေပါတယ်။
ကဲ… နောက်တကြိမ်မှာ ပြန်ဆုံကြမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့။
By လင်းမိုးဝေ
No comments:
Post a Comment