Retrieved from Wikimedia Commons on April 26, 2010. This work is shared under the following license.
ဒီလိုမျိုး ဘယ်တော့မှ မတိမ်ကောမယ့် စီးပွားရေးမျိုးဖြစ်တာမို့ လုပ်စား ကိုင်စားကြတဲ့ လူတွေ၊ ကုမ္ပဏီကြီးတွေ၊ နိုင်ငံ အစိုးရတွေ မနည်းပါပဲ။ တကယ်ပဲ မက်လောက်စရာပါ။ သြစတြေးလျ မှာ သံမြေရိုင်းတစ်တန်ဟာ ငါးကျပ်လောက်ပဲတန်ပေမယ့် သင်္ဘောနဲ့ သယ်သွားပြီး တရုတ်ပြည်လည်းရောက်ရော တစ်ဆယ်ဆိုလည်းဟုတ် ဆယ့်ငါးကျပ်ဆိုလည်းဟုတ်။ (အမှန်တကယ်ဈေးကွက်ပေါက်ဈေး မဟုတ်ပါ) ကြားပွဲစားတစ်ယောက်အနေနဲ့ ကုန်တစ်တန် ကို ၅ပြားလောက်ပဲ ကော်မရှင် ရပါစေဦး။ (အနည်းဆုံးနော် အနည်းဆုံး) တန်ချိန် တစ်သိန်းဆိုရင် ဒေါ်လာငါးထောင် အိတ်ထဲဝင်သွားပါပြီ။ သူလုပ်လိုက်ရတာက အီးမေးလ်လေး တစ်စောင်နဲ. ဟိုဖက် ဒီဖက် ချိတ်ပေးလိုက်တာပါပဲ။ ကြည့်ဗျာ..အီးမေးလ် တစ်စောင်ပို့လို့ ရတဲ့ ဝင်ငွေက ငါးထောင်တဲ့။ လန်ဒန်၊ ဟောင်ကောင်၊ စင်ကာပူ မှာ လပ်တော့ (lap top) လေး တစ်လုံးအရင်းပြုလို့ နေ့စဉ် ဒေါ်လာထောင်သောင်းနဲ့ ချီပြီး အလုပ်ဖြစ်နေတဲ့သူတွေ ဒုနဲ့ဒေးပါ။ အဲ ကျွန်တော်တို့ မြန်မာတွေတော့ မပါပါဘူး။ အဲလို ပွဲစားအနေနဲ. ကုန်သည်အနေနဲ. စွန့်ဦးတီထွင် လုပ်နေကြတဲ့သူ မြန်မာလူမျိုးပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရှိလာပြီ ဖြစ်ပေမယ့် သိသလောက်တော့ လက်ငါးချောင်းတောင် မပြည့်သေးသလိုပါပဲ။ အောင်မြင်တဲ့အဆင့်ထိလည်း မရောက်ကြသေးပါဘူး။ ဒီနေရာမှာ လုပ်ငန်းပိုင်းအရ အောင်မြင်တာကို ပြောတာပါ။ အလကားရတဲ့ ပစ္စည်းကို ငါးကျပ်နဲ. ရောင်းလို. ရတဲ. ခါတော်မီ အောင်မြင်မှုကို ပြောတာမဟုတ်ပါဘူး။ ပိုက်ဆံလိုက်နိုင်ပေမယ့် နိုင်ငံတကာမှာ မဝင်ဆန်.နိုင်တဲ့ ပြဿနာလေးတွေကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပါ။ ဥပမာ နိုင်ငံ အတွင်းအပြင် ငွေအသွင်းအထုတ် မလွယ်တာတို.၊ လက်ရှိနိုင်ငံရေး အခြေအနေအရ နိုင်ငံရပ်ခြားမှာ ဘဏ်အကောင့်ဖွင့်ခွင့် မရသူတွေ ဖြစ်နေတာတို. စသဖြင့်ပေါ့လေ။ ငိုအားထက်သန် ရယ်အားထက်သန် ဆိုသလိုပါပဲ။ သိပ်မကြာသေးပါဘူး။ မြန်မာလုပ်ငန်းရှင် တစ်ယောက် Original BL (Bill of Lading) (ကုန်တန်ဖိုးကျသင့်ငွေကို ဘဏ်ကနေ ထုတ်ယူလို.ရမယ့် ကုန်သွယ်ရေကြောင်း ချက်လက်မှတ် ဆိုပါတော့။ BL အကြောင်း နောက်မှ သပ်သပ်ထပ်ရေးပါမယ်။) ဘယ်နှစ်စောင်ရှိမှန်းမသိဘဲ တစ်စောင်လောက် လက်ထဲရောက်လာလို. ပိုင်ပြီဆိုပြီး ကုန်တင်ပေးလိုက်တာ စာရွက်ကလေးကိုင်ပြီး ကုန်ဖိုးငွေ ဘယ်သူ.ကို လိုက်တောင်းရမှန်းမသိဖြစ်နေပါသတဲ့။
Retrieved and resized from Wikimedia Commons on April 26, 2010. This work is shared under the following license.
ထားပါ။ ပြောချင်တာက အမြတ်အစွန်းများတာမှန်ပေမယ့် ဒီလောကထဲကို ဝင်ချင်တိုင်းလည်း ဝင်လာလို့ မလွယ်ပါဘူး။ ရေကြောင်းစီးပွားရေးနဲ့ ပတ်သက်တဲ့ ဘွဲ့ရလာလို့၊ ပိုက်ဆံတွေ ပေါနေလို့ ဆိုပြီး ဒီလောကထဲ ဘုမသိ ဘမသိဝင်လာလို့မရပါဘူး။ ဒီလောကမှာ အတွေ့အကြုံကသာ အကောင်းဆုံး အရင်းအနှီးပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်လို အရောင်းအဝယ် သတင်းအချက်အလက်ကိုမှ ဘယ်သောအခါမှ တရားဝင် ကြေညာခြင်းမရှိတဲ့ စီးပွားရေးလောကကိုး။ သင်္ဘောတစ်စီးသော်လည်းကောင်း၊ ကုန်ရောင်းကုန်ဝယ်သော်လည်းကောင်း အလုပ်တစ်ခု ဖြစ်သွားပေမယ့် ဘယ်ဈေးနဲ့ဆိုတာ ဘယ်သူမှ တိတိကျကျ မသိပါဘူး။ သင်္ဘောတစ်စီးကို ကုမ္ပဏီတစ်ခုက သူပိုင်အနေနဲ့ မှတ်ပုံတင်ထားပေမယ့် တစ်ကယ့်ပိုင်ရှင်ဟာ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ရောင်းသူနဲ့ ဝယ်သူဟာ ဂျပန်မှာ အိမ်ချင်းကပ်ရက် နေချင်နေကြလိမ့်မယ်။ ဒါပေမယ့် အရောင်းအဝယ်ကတော့ ဟောင်ကောင်၊ စင်ကာပူ၊ နယူးရော့ခ်၊ လန်ဒန် စသဖြင့် ကမ္ဘာတစ်ပတ်ပတ်ပြီးမှ ပွဲစားဆယ်လက် လောက်ပြောင်းပြီးမှ ဖြစ်ချင် ဖြစ်သွားတတ်တယ်။
ဒီလို လျှို့ဝှက်သည်းဖိုဆန်တဲ့ ကုန်သွယ်ရေကြောင်းလောကကို ဘယ်လို စည်းမျဉ်း၊ ဥပဒေတွေနဲ. ဘောင်ကွပ်ထားပါသလဲ။ အလျော်အစား၊ အာမခံ၊ ကုန်သွယ်ခ စတာတွေနဲ. ပတ်သက်တဲ့ ကျင့်ဝတ်မူကြမ်းတွေ ကိုယ့်ဟာကိုယ် ရေးဆွဲ၊ ကိုယ့်ဟာကိုယ် အတည်ပြု၊ ကိုယ့်ဟာကိုယ် သဘောတူ သတ်မှတ်ပြီး ကိုယ့်ဟာကိုယ် စတင်အသုံးပြုခဲ့ကြတဲ့သူ (rule making bodies) တွေကတော့ အင်္ဂလန် နဲ့ အနောက်ဥရောပနိုင်ငံတချို.ပါ။ ပိုင်တယ်နော်။ (အာရှသားတွေဟာ ဥရောပသားတွေထက် အများကြီး စောပြီး ပင်လယ်ကို အောင်နိုင်ခဲ့ကြပေမယ့် လက်တွေ့ကျကျ အကျိုးရှိရှိ အသုံးမချနိုင်ခဲ့ကြပါဘူး။) သူတို့တွေဟာ နိုင်ငံအစိုးရတွေ မဟုတ်သလို မှတ်ပုံတင်ထားတဲ ကုမ္မဏီကြီးတွေ မဟုတ်ကြပါဘူး။ ကုန်သည်၊ပွဲစား၊ သင်္ဘောပိုင်ရှင်၊ သင်္ဘောမန်နေဂျာ၊ ရှေ့နေတွေ ပါဝင်တဲ့ society အဖွဲ့အစည်းတွေပါ။ ၁၆ရာစုလောက်က စခဲ့ပေမယ့် အခုအချိန်အထိ society/association တွေအဖြစ်နဲ့ပဲ အမည်ခံ ရပ်တည်နေကြတုန်းပါပဲ။ နောက်ပိုင်း အမေရိကန် ကောင်းစားလာတော့ အမေရိကန် သင်္ဘောပိုင်ရှင်၊ ရှေ.နေတွေရဲ. ခေတ်သစ်အမေရိကန် လုပ်ထုံးလုပ်နည်းတွေ ထပ်ပေါ်လာပါတယ်။ ဒီလိုနဲ့ ပွဲစားခ၊ ကုန်သယ်ပေးခ၊ အခွန်အခ၊အာမခံကြေး၊ လျော်ကြေး စတာတွေ တွက်ကြ ချက်ကြတဲ့ နေရာမှာ လန်ဒန်နဲ့ ဥရောပရဲ့ ရှေးရိုးဆန်တဲ့ ထုံးတမ်းစဉ်လာတွေနဲ့အတူ ခေတ်သစ်အမေရိကန် ဥပဒေတွေကိုလည်း ထည့်စဉ်းစားလာရပါတယ်။
အထက်ပါ ဥရောပနဲ့ အမေရိကန်ခေတ်သစ် ကုန်သွယ်ရေကြောင်း ကျင့်ဝတ် ဥပဒေကြမ်းတွေ အခြေခံလို့ ကမ္ဘာနိုင်ငံတော်တော်များများဟာ ဥပဒေပြုလွှတ်တော်ကတစ်ဆင့် လိုတာလေးတွေ ထပ်ဖြည့်ပြီး မိမိနိုင်ငံရဲ့ အခြေခံဥပဒေမှာ အစာသွတ်ကြပါတယ်။ မိမိနိုင်ငံရဲ့ အကျိုးစီးပွား၊ အနေအထားအရ နိုင်ငံတွေရဲ့ ကုန်သွယ်ရေကြောင်း ဥပဒေတွေဟာ ကွာဟချက်လေးတွေ ရှိလာတယ်။ မြန်မာနိုင်ငံဟာ ကုန်ကြမ်းထွက်တဲ့ နိုင်ငံဖြစ်လို့ ကျွန်တော်တို့ နိုင်ငံက ပြဋ္ဌာန်း ထားတဲ့ ရေကြောင်းဥပဒေဟာ ကုန်ပိုင်ရှင်တွေကို ဦးစားပေးစဉ်းစား အခွင့်အရေးတွေ ပိုပေးထားပေမယ့် စင်ကာပူရဲ့ ကုန်သွယ်ရေကြောင်းဥပဒေက ကုန်သည်၊ ပွဲစားတွေကို ပိုပြီး အသာပေးထားပါတယ်။
ကုန်သွယ်ရေကြောင်းဥပဒေတွေကို အသုံးချတဲ့ရှုထောင့်ကနေ အကျိုးအပြစ်လေးတွေရှာပြီး တို့ထိကြည့်ဖို့ စိတ်ကူးထားပါတယ်။ မထိတထိလေးပေါ့ဗျာ။ နောက်မှ တွေ့ရအောင်။
sirius
by https://www.facebook.com/pondaungvalley
No comments:
Post a Comment