Wednesday, October 17, 2012

လင်းမိုးဝေ မိတ်ဆက်

လွန်ခဲ့တဲ့ သုံး လေး နှစ်လောက်က မြန်မာပြည်က ဂျာနယ်တစ် စောင်မှာပါတဲ့ အလုပ်ခေါ်တဲ့ ကြော်ငြာတစ်ခုကို ဖတ်မိပါတယ်။ အာဖရိက နိုင်ငံတစ်ခုက (Kenya လို့ထင်ပါတယ်) အထည်ချုပ် စက်ရုံမှာ အမျိုးသမီး အထည်ချုပ် သမတွေ အလိုရှိတယ် ဆိုတဲ့ ကြော်ငြာပါ။ အိမ်နီးချင်းနိုင်ငံတစ်ခုက အာဖရိကမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေနဲ့ အထည်ချုပ်စက်ရုံဖွင့်လို့ မြန်မာအမျိုးသမီးတွေကို အလုပ်အေးဂျင့်တွေက တဆင့် အလုပ်ခေါ်ပုံ ရပါတယ်။ ကျွန်တော် တော်တော်တုန်လှုပ်သွားပါတယ်။ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှု အနိမ့်ဆုံး ဒေသဖြစ်တဲ့ အာဖရိကမှာ မြန်မာနိုင်ငံသားတွေ အလုပ်သွားလုပ်ဖို့အထိ လိုအပ်နေပြီလား၊ ဒီကြော်ငြာက မြန်မာပြည်ရဲ့ လက်ရှိ စီးပွားရေး အခြေအနေကို ထင်ဟပ်ပြသနေတာလား၊ စတဲ့ မေးခွန်းတွေ ခေါင်းထဲလှိမ့်ဝင်လာပါတယ်။


မနှစ်က ထိုင်းနိုင်ငံကို အခွင့်ကြုံလို့ အလည်တခေါက်သွားခဲ့ပါတယ်။ အထူးသဖြင့်ဘန်ကောက်နဲ့ အယုဒ္ဓယ ကိုပါ။ လွန်ခဲ့တဲ့ ခုနစ်နှစ် လောက်တုန်းကမြန်မာပြည်က စထွက်ခဲ့တဲ့အချိန် မီးထိန်ထိန်လင်းနေတဲ့ ဘန်ကောက်မြို့ကို လေယာဉ်အကူးအပြောင်းမှာ မြင်ခဲ့ဖူးပါတယ်။ အခုတော့ ထိုင်းနိုင်ငံထဲကို ထဲထဲဝင်ဝင် လည်ပတ်ခွင့်ရပါပြီ။ ထိုင်းနဲ့မြန်မာဟာ နယ်မြေဧရိယာချင်းမတိမ်းမယိမ်းပါ။ သမိုင်း အစဉ်အလာ အရလည်း မြန်မာနဲ့ ထိုင်းဟာ ဒေသပြိုင်ဘက်တွေလည်းဖြစ်၊ ဆင်တူတဲ့ ယဉ်ကျေးမှု စရိုက်တွေရှိပြီး ကိုလိုနီဝါဒရဲ့ ရိုက်ခတ်မှုကို အနည်းနဲ့အများ ခံခဲ့ကြရပါတယ်။ အခုတော့ ထိုင်းဟာ စီးပွားရေး ဖွံဖြိုးတိုးတက်မှု အရှိန်အဟုန် မြန်လာပြီး အာရှကျားလေးကောင် (စင်ကာပှု၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား) နောက်က ကပ်လိုက်တဲ့ တက်သစ်စ စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်လာပါတယ်။ (၁၉၉၇ အာရှ ငွေကြေး အကြပ်အတည်းနဲ့ လတ်တလော နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အရင်လောက် မဟုတ်ပေမယ့် ကောင်းနေဆဲပါ။) ၂၄ နာရီ မီးမပြတ်၊ နိုင်ငံတကာအဆင့်မီတဲ့ အဝေးပြေးကားလမ်းတွေ၊ ထိုးထိုးထောင်ထောင် အဆောက်အအုံတွေကို ဘန်ကောက်မှာ တွေ့ခဲ့ရတာပါ။ ဘာကြောင့် ထိုင်းဟာ ကျွန်တော်တို့ရှေ့ ရောက်သွားတာလဲ။ ဘယ်အချက်တွေကြောင့် စီးပွားတိုးတက်မှု ကွာဟလာရတာလဲ။ ကျွန်တော့် အတွက်တော့ အဖြေက မသဲမကွဲနဲ့ ငိုရမလို ရယ်ရမလိုပါ။


"နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် (အထူးသဖြင့် စီးပွားရေးမှာ) ဘာတွေလိုအပ်ပါသလဲ။ ဘာတွေလုပ်ရမလဲ။ မင်းတို့ဟာ ဘောဂဗေဒ ပညာရှင်တွေ (economists)၊ နိုင်ငံရေး ဘောဂဗေဒ ပညာရှင်တွေ (political economists) ဆိုပါစို့။ နိုင်ငံ တစ်ခုက တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်အောင် လုပ်ချင်လို့ အကြံဉာဏ် လာတောင်းရင် မင်းတို့ ဘယ်က စလုပ်မလဲ" တဲ့။ အတန်းရဲ့ ပရော်ဖက်ဆာ (professor) က ကျောင်းသားတွေကို ဘာမှ မသင်ရသေးခင် စမေးခွန်းထုတ်လိုက်တာပါ။ ကျောင်းသားအားလုံး တွေဝေသွားပါတယ်။ ဘယ်ကစလုပ်မလဲ။ တကယ်တော့ အဲဒီနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ ဘယ်အနေအထားမှာ ရှိသလဲ၊ အဲဒီနိုင်ငံရဲ့ သမိုင်းလမ်းကြောင်းကဘာလဲ၊ ဆိုတာ အနည်းဆုံးတော့ သိရမယ် ဆိုတာ အတန်းပြီးတော့ သဘောပေါက် လာပါတယ်။ ကဲ အဲဒီ နိုင်ငံရဲ့ စီးပွားရေး အနေအထား ဘယ်အခြေနေမှာ ရောက်နေတယ် ဆိုတာတော့ သိပါပြီတဲ့။ ဘာဆက်လုပ်ကြမလဲ။ ဒီအပိုင်းကတော့ သိပ်လွယ်မယ့်ပုံ မပေါ်ပါ။


နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာမှာ ခေတ်အလိုက် အများလက်ခံကျင့်သုံးကြတဲ့ ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီတွေ ပေါ်ထွက်လာပါတယ်။ သီအိုရီ တစ်ခုဟာလည်း အလုပ်ဖြစ်သရွေ့သာ သက်တမ်းရှည်ပါတယ်။ ပြီးတော့ သီအိုရီတွေဟာ ကာလ (time)၊ ဒေသ (space) ပေါ်မှာ မူတည်ပြီး အလုပ်ဖြစ်တတ်ပါတယ်။ ဥပမာ မာကင်တိုင်ဝါဒဟာ (Mercantilism) ၁၈ ရာစုမှာ အစောဆုံးစက်မှု ဖွံ့ဖြိုးတဲ့ ဥရောပနိုင်ငံတွေ အတွက်သာ အကျိုးရှိပြီး အဆင်ပြေပါတယ်။ စီးပွားရေး ဖွင့်ပေးခြင်း (economic liberalization) ဟာလည်း တိုင်းပြည်တစ်ပြည်ရဲ့ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းပေါ်မှာ မှုတည်ပြီး လုပ်တိုင်းမကောင်းပါဘူး။


ဒါ့ကြောင့် ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီ အားလုံးကို လေ့လာကြရပါတယ်။ ဘယ်သီအိုရီဟာ ကိုယ့်နိုင်ငံနဲ့ ဘယ်အချိန်မှာ အဆင်ပြေမယ်ဆိုတာ တွက်ချက်ပြီး အသုံးချရပါတယ်။ ဒါ့အပြင် အဲဒီ သီအိုရီတွေရဲ့ ဖြစ်ထွန်းပေါ်ပေါက်လာပုံကိုလည်း သိဖို့လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ Susan Strange ပြောခဲ့သလို သမိုင်းကိုဘက်လိုက်တတ်ကြလို့ပါ။ သမိုင်းဆရာတွေ သူတို့လိုရာ ဆွဲတွေးတတ်ကြလို့ပါ။ ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီထုတ်တဲ့ ဂုရုတွေကလည်း အတူတူပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း သမိုင်းဆရာတပိုင်းမို့ပါ။


သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ သမိုင်းဘာကြောင့် သိသင့်သလဲဆိုတာကို ဖြေတဲ့ အဖြေလေးက တိုတိုတုပ်တုပ်နဲ့ ထိမိလွန်းပါတယ်။ မ အ အောင်လို့ တဲ့။ မအဖို့၊ အလိမ်မခံရဖို့ သမိုင်းကို သိသင့်ပါတယ်။ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ရာမှာလည်း မအဖို့ အလွန်အရေးကြီး နေပါတယ်။ မဟုတ်ရင်ပိုလို့ နောက်ကျကျန်ခဲ့မှာ မို့လို့ပါ။ ဒါကြောင့် နောက်ဆုံးပေါ် သီအိုရီတွေ၊ နည်းပညာတွေ သိဖို့လိုသလို ဘာကြောင့် ဒီသီအိုရီတွေပေါ်ထွက် သုံးစွဲလာတယ်ဆိုတာလဲ သိဖို့လိုပါတယ်။


ဆရာဦးအောင်သင်းရဲ့ "စာပေသည် နိုင်ငံ၏ မှတ်တမ်းလည်းဖြစ်သည်။ လမ်းညွှန်လည်း ဖြစ်သည်။" ဆိုတဲ့ နေရာမှာ အမျိုးသားရေး စာပေအပြင် ဘာသာပြန်စာပေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ထည့်မပြောသော်လည်း ပါသည်ဟု ထင်ပါတယ်။ မြန်မာပြည်အတွင်း ခေတ်မီအသိပညာများကို ဘာသာပြန် လက်ဆင့်ကမ်းလေ့ရှိသော ဆရာကြီးများ ရှိပါတယ်။ မောင်စူးစမ်း၊ ကျော်ဝင်း၊ ဘောဂဗေဒ ခင်မောင်ညို၊ ကိုတာ နှင့် အခြားဆရာကြီးများ စွမ်းစွမ်းတမံ ဘာသာပြန်ခဲ့ကြ၊ ပြန်နေကြဆဲ ဖြစ်ပါသည်။ ကျွန်တော်လည်း ပုံတောင်တောင်ကြားကနေပြီး ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီများ နှင့် သူတို့ရဲ့ ဖြစ်ထွန်းပေါ်ပေါက်လာပုံများ၊ အကျိုးကျေးဇူးများနဲ့ ဆိုးကျိုးများကို လက်လှမ်းမီသလောက် ဉာဏ်မီသလောက် အသေးစိတ် ဆက်ရေးသွားပါမယ်။


ကျွန်တော်ရေးတဲ့ စာများနှင့် ပတ်သက်လို့လည်း အပြုသဘောဆောင်တဲ့ ဝေဖန်မှုများကို လက်ခံကြိုဆိုပါတယ်။ လူတိုင်း အမှားနဲ့ မကင်း ဆိုသလို ကျွန်တော်လည်း မှားတဲ့ အတတ်ကို တတ်ပါတယ်။ ဒါပေမယ့် အမှားတစ်ခုတည်းကို အကြိမ်ကြိမ် မလုမ်မိဖို့ ကျွန်တော် ကြိုးစားသွားပါမယ်လို့ ပြောရင်း နောက်တကြိမ်မှာ ပြန်ဆုံကြမယ်လေ။


လင်းမိုးဝေ

No comments: